talc ပေါင်ဒါ အမှု၊ ဒေါ်လာ သန်း ၇၀ကျော် လျော်ကြေးချမှတ်

ဓာတ်ပုံ မူပိုင် Getty
Image caption talc ပေါင်ဒါ လုံခြုံစိတ်ချရတယ် ဆိုတာကို သိပ္ပံနည်းကျ အထောက်အထားတွေက ထောက်ခံခဲ့ကြတယ်လို့ J&J ကုမ္ပဏီက ပြော။

အမေရိကန် ပြည်ထောင်စု၊ မစ်ဇူရီ ပြည်နယ်မှာ ဂျူရီအဖွဲ့ တစ်ဖွဲ့က Johnson & Johnson (J&J) က ထုတ်တဲ့ talc ပေါင်ဒါကို စွဲမြဲ သုံးစွဲလို့ သေဆုံး ခဲ့ရတယ် ဆိုတဲ့ အမျိုးသမီး တစ်ဦးရဲ့ အမှုအတွက် J&J ကုမ္ပဏီ အနေနဲ့ ကျန်ရစ်သူ မိသားစုကို လျော်ကြေး ဒေါ်လာ ၇၂ သန်း ပေးဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

အယ်လ်ဘားမား ပြည်နယ်၊ ဘာမင်ဂမ် မြို့သူ ၆၂ နှစ်အရွယ် Jackie Fox ဆိုသူဟာ talc ပေါင်ဒါကို ဆယ်စုနှစ် များစွာ သုံးစွဲ လာခဲ့သူ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ နှစ်ထဲမှာ မျိုးဥအိမ် ကင်ဆာနဲ့ သေဆုံး ခဲ့ပါတယ်။

ကုမ္ပဏီ အနေနဲ့ talc ပေါင်ဒါရဲ့ ဆိုးကျိုးတွေကို သိနေခဲ့ပေမယ့် သုံးစွဲသူတွေကို သတိပေးဖို့ ပျက်ကွက် ခဲ့တယ်လို့ သူ့ မိသားစုက စွဲဆို ခဲ့တာပါ။

J&J ကုမ္ပဏီကတော့ အဲဒီ စွဲချက်ကို ငြင်းဆိုပြီး ဂျူရီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို အယူခံ ဝင်သွားမယ်လို့ ဆိုပါတယ်။ လေ့လာသူတွေ ကတော့ မျိုးဥအိမ် ကင်ဆာ ဖြစ်စေတဲ့ အကြောင်းတွေကို သက်သေ မပြနိုင်ဘူးလို့ ပြောကြပါတယ်။

အခု ဂျူရီအဖွဲ့ ဆုံးဖြတ်ချက်ဟာ talc ပေါင်ဒါ သုံးစွဲမှုနဲ့ ပတ်သက်ပြီး နစ်နာကြေး တောင်းတဲ့ အမှုပေါင်း များစွာအနက် တရားလိုကို ပထမဆုံး အနိုင်ပေးတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ အလားတူ နစ်နားကြေး တောင်းတဲ့ အမှုပေါင်း တစ်ထောင်ကျော် ရှိနေပြီး၊ အခု ဆုံးဖြတ်ချက်ကြောင့် နောက်ထပ် အမှုတွေလည်း ထောင်နဲ့ချီ တိုးလာဖွယ် ရှိတယ်လို့ ရှေ့နေတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ