နီပေါ လေယာဉ်ငယ် ပျက်ကျ၊ ၂၃ ဦးစလုံး သေဆုံး

ဓာတ်ပုံ မူပိုင်
Image caption တာရာ လေကြောင်းပိုင် လေယာဉ်တစ်စီး အပန်းဖြေမြို့ ဖြစ်တဲ့ ဂျုံဆွမ်မြို့မှာ ဆင်းသက်စဉ်။

နီပေါ နိုင်ငံ အနောက်ပိုင်းက တောင်ထူထပ်တဲ့ နေရာမှာ ခရီးသည်တင် လေယာဉ်ငယ် တစ်စီး ပျက်ကျခဲ့လို့ လေယာဉ်ပေါ်ပါသူ ၂၃ ဦးစလုံး သေဆုံး ခဲ့ပါတယ်။

Tara Air လေကြောင်းပိုင် Twin Otter အမျိုးအစား လေယာဉ်ငယ်ဟာ ပိုခရာ မြို့ကနေ ဂျုံဆွမ် မြို့ကို ပျံသန်းဖို့ စတင် ထွက်ခွာပြီး မကြာမီမှာပဲ လေကြောင်းထိန်း မျှော်စင်နဲ့ အဆက်အသွယ် ပြတ်သွား ခဲ့တယ်လို့ ဆိုပါတယ်။

လေယာဉ်ပေါ် ပါသူ အများစုက နီပေါ နိုင်ငံသားတွေ ဖြစ်ပြီး ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။

ခရီးသည် အယောက် ၂၀ အနက် တရုတ် နိုင်ငံသား တစ်ဦးနဲ့ ကူဝိတ် နိုင်ငံသား တစ်ဦး ပါဝင်ပြီး လေယာဉ် အမှုထမ်းက ၃ ဦး ဖြစ်ပါတယ်။

နီပေါ နိုင်ငံရဲ့ လေကြောင်း ပို့ဆောင်ရေး လုပ်ငန်းမှာ လုံခြုံစိတ်ချမှု မရှိတဲ့ မှတ်တမ်းဆိုးတွေ ရှိပါတယ်။

နီပေါမှာ ဖြစ်ခဲ့တဲ့ လေယာဉ် မတော်တဆမှု အများပြားဟာ ရာသီဥတု ဆိုးရွားမှု၊ လေယာဉ်မှူးတွေ အတွေ့အကြုံ နည်းပါးမှုနဲ့ ပြုပြင် ထိန်းသိမ်းရေး မလုံလောက်မှု တွေကြောင့် ဖြစ်ပါတယ်။

လုံခြုံရေး စိတ်မချရတဲ့ အတွက် ၂၀၁၃ ခုနှစ်မှာ ဥရောပ သမဂ္ဂက နီပေါ လေယာဉ် အားလုံးကို အီးယူ နယ်နိမိတ်ထဲ မဝင်ဖို့ တားမြစ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ