ဖော့စ်ကွန်က ရှာ့ပ်ကို ဝယ်ယူမယ့်အရေး နှောင့်နှေး

ဓာတ်ပုံ မူပိုင် AP
Image caption ရှာ့ပ် အနေနဲ့ အကြွေးတွေ အများအပြားနဲ့ ရုန်းကန် နေခဲ့ရ။

ထိုင်ဝမ် နည်းပညာ ကုမ္ပဏီကြီး Foxconn က ဂျပန် အီလက်ထရွန်းနစ် ကုမ္ပဏီကြီး Sharp ကို ဒေါ်လာ ၄.၃ ဘီလျံနဲ့ ဝယ်ယူဖို့ သဘောတူညီခဲ့ပြီးနောက် ဖော့စ်ကွန်က လက်မှတ် မထိုးသေးဘဲ ယာယီ စောင့်ဆိုင်း နေတယ်လို့ သတင်းတွေအရ သိရပါတယ်။

သဘောတူညီချက် လက်မှတ် မထိုးမီမှာ ရှင်းလင်းဖို့ လိုနေသေးတဲ့ အရေးကြီး စာရွက်စာတမ်း တစ်ခုကို ရှာ့ပ် ကနေ ဖော့စ်ကွန်ကို ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ ကြာသပတေးနေ့ အစောပိုင်းကတော့ ရှာ့ပ်ရဲ့ ဒါရိုက်တာတွေက ဖော့စ်ကွန်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပြီးနောက် လွှဲပြောင်းမှုနဲ့ ပတ်သက်တဲ့ ကြေညာချက်ကို ထုတ်ပြန် ခဲ့ပါတယ်။

ထိုင်ဝမ်ရဲ့ ဖော့စ်ကွန်က အိုင်ဖုန်း အများစုကို တပ်ဆင်တဲ့ ကုမ္ပဏီကြီး ဖြစ်ပြီး ရှာ့ပ် ကတော့ ဂျပန်ရဲ့ သက်တမ်းအရင့်ဆုံး နည်းပညာ ကုမ္ပဏီတွေထဲက တစ်ခု ဖြစ်ပါတယ်။

လက်မှတ် ထိုးပြီးရင်တော့ ဂျပန် အီလက်ထရွန်းနစ် ကုမ္ပဏီကြီး တစ်ခုကို နိုင်ငံခြား ကုမ္ပဏီတစ်ခုက အခုလို ဝယ်ယူတာ ဂျပန် နည်းပညာ လုပ်ငန်း သမိုင်းမှာ ပထမဆုံး ဖြစ်လာမှာပါ။

အကြွေးတွေ အများအပြား တင်နေပေမယ့် LCD နည်းပညာမှာ ဦးဆောင်သူ ဖြစ်တဲ့ ရှာ့ပ်ကို အခုလို နိုင်ငံခြား ကုမ္ပဏီ တစ်ခုရဲ့ လက်ထဲ ရောက်သွားမှာကိုတော့ ဂျပန် အရာရှိတွေက တွန့်ဆုတ် နေခဲ့ကြပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ