ရွှေ့ပြောင်းသူတွေ ဂရိနယ်စပ်မှာ အခြေအနေ ဆိုးနေ

ဓာတ်ပုံ မူပိုင် AFP
Image caption အိုင်ဒေါ်မနီ စခန်းမှာ ကျန်းမာရေး ပြဿနာတွေ ပိုဆိုးလာနေတယ်လို့ ဆေးဘက် ဝန်ထမ်းတွေက ပြော။

ဂရိနဲ့ မက်ဆီဒိုးနီးယား နယ်စပ်က လူ ၁၅၀၀ အတွက်သာ ဆောက်ထားတဲ့ စခန်းမှာ စုပြုံရောက်ရှိ နေတဲ့ ရွှေ့ပြောင်းသူ အရေအတွက်က ၈၅၀၀ လောက် အထိ ရှိလာပြီး အခြေအနေတွေ ပိုဆိုး လာနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

အနောက် ဥရောပ နိုင်ငံတွေဘက်ကို ဆက်သွားလိုတဲ့ ရွှေ့ပြောင်းသူတွေက တနင်္လာနေ့က အတင်းအဓမ္မ ဖြတ်ကျော်ဖို့ ကြိုးစားခဲ့တဲ့အတွက် အိုင်ဒေါ်မနီ နယ်စပ်ဂိတ်ကို ပိတ်ထားခဲ့တာ ၂၄ နာရီ နီးပါး ကြာသွားပြီ ဖြစ်ပါတယ်။

အစောပိုင်းကတော့ ရွှေပြောင်းသူတွေကို မက်ဆီဒိုးနီးယားက နေ့စဉ် အနည်းအကျဉ်းသာ ဖြတ်ခွင့် ပြုနေခဲ့တာ ဖြစ်ပြီး၊ အဲဒီ အတွက် တနင်္လာနေ့က အတင်း အဓမ္မ ဖြတ်ကျော်ဖို့ ကြိုးစား ခဲ့ကြတာပါ။

တချို့ ရွှေ့ပြောင်းသူတွေ ဆိုရင် အဲဒီ စခန်းမှာ ရောက်နေခဲ့တာ သီတင်း တစ်ပတ် ကျော်သွားပြီလို့ ဆိုပါတယ်။

တနင်္လာနေ့ ညက မိုးသည်းထန်ခဲ့တဲ့ အတွက် အမိုးအကာ မရှိတဲ့သူတွေအတွက် ကျန်းမာရေး ပြဿနာနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီကနေ့ အင်္ဂါနေ့မှာ အိုင်ဒေါ်မနီ စခန်းဘက်ကို ဆက်သွားနေတဲ့ ရွှေ့ပြောင်းသူတွေကို ထပ်တွေ့ နေရတယ်လို့ ဘီဘီစီ သတင်းထောက်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ