စပိန် ဆိုရှယ်လစ်ပါတီက အစိုးရ ဦးဆောင်ဖွဲ့ရေး ပါလီမန်ကို တိုက်တွန်း

spain_elections_ ဓာတ်ပုံ မူပိုင် Reuters
Image caption ဒီဇင်ဘာ လ တုန်းက ကျင်းပ ခဲ့တဲ့ စပိန် ရွေးကောက်ပွဲ မှာ တစ်ပါတီတည်း က သီးသန့် အစိုးရ ဖွဲ့နိုင် လောက်အောင် အဖြေ ပြတ်ပြတ် သားသား မထွက် ခဲ့။

စပိန် နိုင်ငံ မှာ ညွန့်ပေါင်း အစိုးရ တစ်ရပ် ပေါ်ပေါက် လာရေး အတွက် သူ့ရဲ့ ကြိုးစား အားထုတ် မှု တွေ အပေါ် စပိန် ပါလီမန် က ကျောထောက် နောက်ခံ ပြု ထောက်ခံ ပေး ပါဆိုပြီး ဆိုရှယ်လစ် ပါတီ ခေါင်းဆောင် ပက်ဒရို ဆန်းချက်စ် က တိုက်တွန်း လိုက် ပါတယ်။

ဒါမှလည်း စပိန် နိုင်ငံရေး အခြေအနေ သီတင်းပတ် ၁၁ ပတ် နီးပါး ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတာ ကို အဆုံး သတ် နိုင်မှာ ဖြစ်တယ် လို့ မစ္စတာ ဆန်းချက်စ် က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ လ တုန်းက ကျင်းပ ခဲ့တဲ့ စပိန် ရွေးကောက်ပွဲ မှာ တစ်ပါတီတည်း က သီးသန့် အစိုးရ ဖွဲ့နိုင် လောက်အောင် အဖြေ ပြတ်ပြတ် သားသား မထွက် ခဲ့ပါဘူး။

မစ္စတာ ဆန်းချက်စ် ဦးဆောင်တဲ့ ဆိုရှယ်လစ် ပါတီ က ဒုတိယ မဲအများဆုံး ရရှိထား တာ ပါ။

မဲ အများဆုံး ရခဲ့တဲ့ ဗဟိုလကျာ ပါတီ ဖြစ်တဲ့ ပြည်သူ့ပါတီ အနေနဲ့ ရွေးကောက်ပွဲ ပြီး ကတည်း က အခုအချိန် ထိအောင် ညွန့်ပေါင်း အစိုးရ တစ်ရပ် ပေါ်ပေါက် လာအောင် မစွမ်းဆောင်နိုင် ပဲ ဖြစ်နေ ခဲ့ပါတယ်။

ဒီ အရေး နဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့ မှာ စပိန် ပါလီ မန် ထဲ မဲ ခွဲ ဆုံးဖြတ် ကြမှာ ဖြစ်ပြီး၊ မစ္စတာ ဆန်းချက်စ် ကိုလည်း ပါတီ ငယ် နှစ်ခု ကသာ ထောက်ခံ မှု ပေး နေတဲ့ အတွက် ဆိုရှယ်လစ် ပါတီ အနေနဲ့ ပါလီမန် အတွင်း မဲအသာစီး ရရှိဖို့ မပြည့်မှီနိုင် ဖြစ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ