မက်ဆီဒိုနီးယား နယ်စပ်ကို ပိတ်လိုက်ပြီ

ဓာတ်ပုံ မူပိုင် EPA
Image caption မက်ဆီဒိုးနီးယား နယ်စပ် ဂရိဘက် အခြမ်းမှာ ရွှေ့ပြောင်းသူ တစ်သောင်း သုံးထောင်လောက် သောင်တင်နေ။

မက်ဆီဒိုးနီးယား နိုင်ငံက ဂရိဘက် အခြမ်းက ရွှေ့ပြောင်းသူတွေကို ဖြတ်ခွင့် မပေးတော့ဘူးလို့ ကြေညာ လိုက်တဲ့အတွက် ဥရောပ မြောက်ပိုင်းကို ရွှေ့ပြောင်းသူတွေ အဓိက ဝင်ရောက်တဲ့ ဘော်လ်ကန် လမ်းကြောင်းဟာ အခုတော့ လုံးဝ ပိတ်သွားပြီ ဖြစ်ပါတယ်။

မက်ဆီဒိုးနီးယားရဲ့ အခု ကြေညာချက်ဟာ ရွှေ့ပြောင်းသူတွေကို စလိုဗေးနီးယား နိုင်ငံက ဖြတ်သန်းခွင့် ပိတ်ပင် ခဲ့ပြီးနောက် ပေါ်ထွက် လာတာ ဖြစ်ပါတယ်။ ဘော်လ်ကန် လမ်းကြောင်းပေါ်မှာ ရှိတဲ့ ခရိုအေးရှားနဲ့ ဆားဘီးယား တို့ကလည်း အလားတူ ပိတ်ပစ်ခဲ့ပါတယ်။

လက်ရှိမှာ မက်ဆီဒိုးနီးယား နယ်စပ် ဂရိဘက် အခြမ်းမှာ သောင်တင်နေတဲ့ ရွှေ့ပြောင်းသူ အရေအတွက်က တစ်သောင်း သုံးထောင်လောက် ရှိနေပါတယ်။

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အကြီးဆုံး ဒုက္ခသည် ပြဿနာဖြစ်တဲ့ ဒီရွှေ့ပြောင်းသူ အရေးကို ဖြေရှင်းနိုင်ဖို့ အီးယူနဲ့ တူရကီတို့ အစီအစဉ် တစ်ခုကို ညှိနှိုင်း ထုတ်ဖော်ခဲ့ပြီး မကြာမီမှာ အခုလို ဘော်လ်ကန် နိုင်ငံတွေက ဖြတ်သန်းခွင့် ပိတ်ပစ်တာတွေ လုပ်လာကြတာ ဖြစ်ပါတယ်။

အီးယူနဲ့ တူရကီတို့ ညှိနှိုင်းဆဲ ဖြစ်တဲ့ အဲဒီ အစီအစဉ်အရ ဂရိမှာ ရောက်နေတဲ့ ရွှေ့ပြောင်းသူတွေကို တူရကီကို ပြန်ပို့ဖွယ် ရှိပြီး၊ အဲဒီ ပြန်ပို့တဲ့ အထဲမှာ ပါတဲ့ ဆီးရီးယား နိုင်ငံသား အရေအတွက် အတိုင်း တူရကီမှာ ရှိတဲ့ ဆီးရီးယား ဒုက္ခသည်တွေကို အီးယူက လွှဲပြောင်း လက်ခံမှာ ဖြစ်ပါတယ်။

အဲဒီ အစီအစဉ်ကို တနင်္လာနေ့က ကြေညာချိန်က ဥရောပ ကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ် တက်စ်က ရွှေ့ပြောင်းသူတွေ အတွက် ဥရောပထဲ ဝင်လာနိုင်မယ့် လမ်းကြောင်း ရှိမှာ မဟုတ်တော့ဘူးလို့ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ