ဒေါ်နယ် ထရမ့် ပြည်နယ် ၃ ခုမှာ ထပ်နိုင်

Image caption ဒီမိုကရက် ပါတီမှာ ဆန်းဒါးစ် (ဝဲ)က မစ်ချီဂန် ပြည်နယ်မှာ မမျှော်လင့်ဘဲ နိုင်ခဲ့ပြီး၊ ရီပတ်ဘလီကန်မှာ ထရမ့် (ယာ)က ပြည်နယ် ၃ ခုမှာ ထပ်နိုင်။

အမေရိကန် ပြည်ထောင်စုမှာ ပါတီကိုယ်စားပြု သမ္မတလောင်းတွေ ရွေးချယ်နိုင်ဖို့ ပြည်နယ်အဆင့် ရွေးကောက်ပွဲတွေ ဆက်လက် ပြုလုပ်နေရာမှာ ရီပတ်ဘလီကန် ပါတီအတွက် ဒေါ်နယ် ထရမ့်က မစ်ချီဂန်၊ မစ္စစ္စပီနဲ့ ဟာဝိုင်အီ ပြည်နယ် ၃ ခုမှာ ထပ်မံ အနိုင်ရခဲ့ပါတယ်။

ဒီမိုကရက်တစ် ပါတီမှာတော့ ဘာနီ ဆန်းဒါးစ်က မစ်ချီဂန် ပြည်နယ်မှာ မမျှော်လင့်ဘဲ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ဟီလာရီ ကလင်တန်က မစ္စစ္စပီ ပြည်နယ်မှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အတွက် ဒီမိုကရက်တစ် သမ္မတလောင်း ဖြစ်လာရေး ယှဉ်ပြိုင်မှုမှာ ဦးဆောင်သူ နေရာက ရှိနေဆဲ ဖြစ်ပါတယ်။

တက်ဒ် ခရုဇ် ကတော့ ရီပတ်ဘလီကန် တစ်ပါတီတည်း ယှဉ်ပြိုင်တဲ့ အိုင်ဒါဟို ပြည်နယ်မှာ အနိုင်ရခဲ့ပါတယ်။

ရီပတ်ဘလီကန် မှာပဲ ဆီနိတ်တာ မာကို ရူဘီယို ကတော့ သူ့ပြည်နယ် ဖလော်ရီဒါမှာ လုပ်ဖို့ တစ်ပတ်သာ လိုတော့ချိန်မှာ မစ်ချီဂန်နဲ့ မစ္စစ္စပီ ပြည်နယ် နှစ်ခု စလုံးမှာ စတုတ္ထသာ ရခဲ့ပါတယ်။

ပါတီကိုယ်စားပြု သမ္မတလောင်းနေရာ ယှဉ်ပြိုင်သူတွေ အနေနဲ့ ပြည်နယ် ရွေးကောက်ပွဲတွေရဲ့ ရလဒ်တွေပေါ် မူတည်ပြီး ပါတီတွင်းမှာ ကိုယ်စားလှယ် ဦးရေ ဘယ်နှစ်ယောက် ရမယ်ဆိုတာ သတ်မှတ် ခံရမှာ ဖြစ်ပါတယ်။

သမ္မတလောင်း ယှဉ်ပြိုင်သူတွေ အတွက် အဲဒီ ကိုယ်စားလှယ် အသီးသီးက ဇူလိုင်လထဲမှာ ပြုလုပ်မယ့် ပါတီ ညီလာခံတွေမှာ ထောက်ခံချက် ပေးသွင်းကြရမှာ ဖြစ်ပါတယ်။ ပါတီကိုယ်စားလှယ် အရေအတွက် အများစုရဲ့ ထောက်ခံချက်ကို ရတဲ့သူက ပါတီကိုယ်စားပြု သမ္မတလောင်း ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ