မက်ဆီဒိုးနီးယား ဘက်ကို ရွှေ့ပြောင်းသူတွေ ဝင်ရောက်နိုင်

ဓာတ်ပုံ မူပိုင် Reuters
Image caption မက်ဆီဒိုးနီးယား ဘက်ကို ဝင်ရောက်နိုင်ဖို့ မြစ်တစ်စင်းကို ဖြတ်ကျော်ခဲ့ကြ။

ဂရိဘက်မှာ သောင်တင်နေသူတွေ အနက် ရာနဲ့ချီတဲ့ ရွှေ့ပြောင်းသူတွေဟာ နယ်စပ် စည်းရိုးကို ရှောင်ကွင်းပြီး မက်ဆီဒိုးနီးယား နိုင်ငံထဲကို ဖြတ်ကျော် ဝင်ရောက် နိုင်ခဲ့တယ်လို့ သိရပါတယ်။

ကလေးငယ်တွေ အပါအဝင် ရွှေ့ပြောင်းသူ တစ်ထောင်ခန့်ဟာ အိုင်ဒေါ်မနီ စခန်းကနေ ထွက်ခွာ ခဲ့ပြီးနောက် နယ်စပ်အနီးမှာ ရှိတဲ့ မြစ်တစ်ခုကို အစောပိုင်းက ဖြတ်ကျော် ခဲ့ကြပါတယ်။

အိုင်ဒေါ်မနီ စခန်းမှာ သောင်တင်နေတဲ့ ရွှေ့ပြောင်းသူ အရေအတွက်က တစ်သောင်း လေးထောင်လောက် ရှိပြီး မိုးဒဏ်လေဒဏ်ကြောင့် စခန်းက အခြေအနေတွေ ဆိုးရွား လာနေခဲ့ပါတယ်။

ရွှေ့ပြောင်းသူတွေကို မက်ဆီဒိုးနီးယားက ဖြတ်ခွင့် မပြုတော့ဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့ပြီးနောက် ဘော်လ်ကန် လမ်းကြောင်း လုံးဝ ပိတ်သွားခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အကြီးဆုံး ဒုက္ခသည် ပြဿနာ ဖြစ်တဲ့ အဲဒီ ရွှေ့ပြောင်းသူ အရေးကို ဖြေရှင်းဖို့ အီးယူနဲ့ တူရကီတို့ အစီအစဉ် တစ်ခုကို ကြေညာခဲ့ပြီးနောက် ဘော်လ်ကန် နိုင်ငံတွေက နယ်စပ်တွေ လုံးဝ ပိတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးဆဲ ဖြစ်တဲ့ အဲဒီ အစီအစဉ်အရ ဂရိမှာ ရောက်နေတဲ့ ရွှေ့ပြောင်းသူတွေကို တူရကီကို ပြန်ပို့ဖွယ် ရှိပြီး၊ အဲဒီ ပြန်ပို့တဲ့ အထဲမှာ ပါတဲ့ ဆီးရီးယား နိုင်ငံသား အရေအတွက် အတိုင်း တူရကီမှာ ရှိတဲ့ ဆီးရီးယား ဒုက္ခသည်တွေကို အီးယူက လွှဲပြောင်း လက်ခံမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ