မျိုးတုံးသတ်ဖြတ်မှုတွေ IS လုပ်ခဲ့တယ်လို့ အမေရိကန် ပြော

ဓာတ်ပုံ မူပိုင် AP

အစ္စလာမ္မစ် နိုင်ငံ IS အဖွဲ့ဟာ ယာဇီးဒီးတွေ၊ ခရစ်ယာန်တွေနဲ့ ရှီးယား မွတ်ဆလင်တွေ အပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ကြေညာ လိုက်ပါတယ်။

ဆီးရီးယားနဲ့ အီရတ်မှာ ရှိတဲ့ IS အဖွဲ့ ထိန်းချုပ်ရာ နယ်မြေတွေထဲက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေ၊ မျိုးတုံး သတ်ဖြတ်မှုတွေ အတွက်လည်း IS အဖွဲ့မှာ တာဝန်ရှိတယ်လို့ ဂျွန်ကယ်ရီက ပြောပါတယ်။

အခုလို ဆုံးဖြတ် ကြေညာမှုကို အမေရိကန် နိုင်ငံခြားရေးဌာန၊ ထောက်လှမ်းရေးနဲ့ တခြား ရင်းမြစ်တွေက ရတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး ပြုလုပ်ခဲ့တာလို့ ဂျွန်ကယ်ရီက ပြောပါတယ်။

ဒါပေမယ့် IS တွေ ထိန်းချုပ်တဲ့ နယ်မြေတွေထဲ အထိ လက်လှမ်း မမီတဲ့အတွက် IS တွေရဲ့ ရက်စက် ကြမ်းကြုတ်မှု အားလုံးကို အပြည့်အစုံ သိရဖို့ ခက်ခဲတယ် လို့လည်း သူက ပြောပါတယ်။

IS အဖွဲ့ရဲ့ ပြစ်မှုတွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို ရဖို့နဲ့ လက်သည်တွေကို ဖော်ထုတ်ဖို့ အတွက် အမေရိကန် အနေနဲ့ ထိထိရောက်ရောက် ကူညီသွားမယ်လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ