တိဘက် အဝေးရောက်အစိုးရ ရွေးကောက်ပွဲလုပ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဝန်ကြီးချုပ်တစ်ဦးနဲ့ ပါလီမန်လွှတ်တော်ကို ရွေးချယ်ကြမှာ ဖြစ်ပါတယ်

မတ်လ ၂၀ ရက်နေ့မှာ အိန္ဒိယနိုင်ငံက ဟီမာချယ် ဘရာဒက်ရှ် ပြည်နယ်က ဒါရမ်ဆလာမှာ ပြည်ပရောက် တိဘက်တွေရဲ့ ရွေးကောက်ပွဲ ကျင်းပနေပါတယ်။

ဒီနေရာဟာ ဘာသာရေး ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား သီတင်းသုံးတဲ့နေရာပါ။

တရုတ်ပြည်ကနေ ပြည်ပကို ထွက်ပြေးရောက်ရှိနေကြတဲ့ သောင်းနဲ့ချီတဲ့ တိဘက်တွေဟာ ဒါရမ်ဆလာမှာ မဲပေးကြပါတယ်။

သူတို့ဟာ ဒီရွေးကောက်ပွဲကနေ ဝန်ကြီးချုပ်တစ်ဦးနဲ့ ပါလီမန်လွှတ်တော်ကို ရွေးချယ်ကြမှာ ဖြစ်ပါတယ်။

အရင်ကတော့ ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီးဒလိုင်းလားမားက ဦးဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူက နိုင်ငံရေးအခန်းကဏ္ဍကို စွန့်လွှတ်ခဲ့ပါတယ်။

နောက်ပြီး သူ့ရဲ့ ကျန်းမာရေးအပေါ် စိုးရိမ်မှုတွေ ရှိလာပြီး နောက်ပိုင်း ပြည်ပရောက်တိဘက်တွေအတွက် အခုလို ရွေးကောက်ပွဲကနေ ထွက်လာမယ့် ဝန်ကြီးချုပ်ရဲ့ အခန်းကဏ္ဍက ပိုပြီး မြင့်မားလာတယ်လို့ ဆိုရမှာပါ။

ဟိမဝန္တာတောင်တန်းပေါ်မှာရှိတဲ့ ဒါရမ်ဆလာက ဒီနေ့ရွေးကောက်ပွဲမှာဆိုရင် သကန်းဝတ် ဘုန်းတော်ကြီးတွေရော သာမန်လူတွေပါ တန်းစီပြီး မဲပေးခဲ့ကြပါတယ်။

စုစုပေါင်း လူ ၉ သောင်းလောက် မဲပေးမယ်လို့ ခန့်မှန်းရပါတယ်။

တိဘက်ဘုန်းကြီး သုတန်၀မ်ချန်က တိဘက်တွေအတွက် အရေးကြီးတဲ့ ၊ ထူးခြားတဲ့ နေ့ဖြစ်ပြီး ဒီမိုကရေစီအပြည့်အဝရှိလို့ ကိုယ့် ဝန်ကြီးချုပ်နဲ့ ကိုယ့်ပါလီမန်ကို လွတ်လွပ်လပ်လပ် ရွေးချယ်နိုင်ကြတယ်လို့ ဆိုပါတယ်။

အခု ရွေးကောက်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ်ရော လော့ဘ်ဆန် ဆန်ဂေး နဲ့ ပန်ပါ ဆာရီးတို့က နောက် ၅ နှစ်တာ သက်တမ်းအတွက် ပြိုင်ကြတာပါ။

သူတို့ နှစ်ဦးစလုံးဟာ သဘောထားပျော့ပြောင်းသူတွေအဖြစ် သတ်မှတ်ခံရပါတယ်။

တိဘက်ကို တရုတ်နိုင်ငံတွင်းမှာပဲ ဆက်ထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိဖို့ လိုလားကြသူတွေ ဖြစ်ပါတယ်။

ဘယ်သူပဲ နိုင်နိုင် တရုတ်အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းဖို့ လိုလားနေပါတယ်။

ဒါပေမယ့် တရုတ်အစိုးရနဲ့ ဆွေးနွေးဖို့က လွယ်ကူမယ့် အနေအထားတော့ မရှိသေးပါဘူး။တရုတ်အစိုးရက ပြည်ပရောက် တိဘက် အစိုးရကို အသိအမှတ် မပြုသေးတဲ့အတွက် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ