ကိုလ်ကတ္တားမှာ ဆောက်နေတဲ့ ခုံးတံတားပြိုကျ

india kolkata ဓာတ်ပုံ မူပိုင် AP
Image caption ကွန်ကရစ်တုံးနဲ့ သံယက်မတွေ ဖြတ်တောက် ကယ်တင်နိုင်ဖို့ ကြိုးစား

အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမှာ ဆောက်လုပ်ဆဲ ခုံးကျော် တံတား ပြိုကျလို့ ကယ်ဆယ်ရေးတွေ အပူတပြင်း ဆောင်ရွက်နေပါတယ်။

ခုချိန်ထိ လူ ၁၈ ယောက် သေပြီး ၆ဝ ကျော် ဒဏ်ရာရတယ်၊ ၁၅ဝ လောက် ကွန်ကရစ်တုံးတွေအောက် ပိနေနိုင်တယ်လို့ သက်သေတွေက ဆိုပါတယ်။

ပြိုကျတာကို မြင်လိုက်ရတဲ့ အမျိုးသား တယောက် ပြောတာက ဒီတံတားအောက်မှာ ရပ်နေသူတွေ အများကြီးပဲ၊ လန်ချားတွေရော၊ တက္ကစီတွေရော အကုန် မြှုပ်ပြီးသား ဖြစ်သွားတယ်လို့ သူက ဆိုပါတယ်။

လူစည်ကားတဲ့ ဈေးနားက ပြိုကျပြီး ဘတ်စ်ကားပေါ်က ခရီးသည်တွေ အပါအဝင် အောက်မှာ လူ အများအပြား ပိတ်မိနေတယ် ဆိုပြီး စိုးရိမ် နေကြ ပါတယ်။

လက်တွေ၊ ပုဆိန်တွေနဲ့ ကွန်ကရစ်တုံးနဲ့ သံယက်မတွေကို ဖြတ်တောက် ကယ်တင်နိုင်ဖို့ ကြိုးစား နေရပါတယ်။

ဆွေမျိုးသားချင်းတွေကို ဝင်ကယ်ဖို့ ကြိုးစား သူတွေကို ရဲနဲ့ စစ်သား တွေက နံပါတ်တုတ်တွေနဲ့ ရိုက်လို့ ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားခဲ့ပါတယ်။

ခုတော့ ဒဏ်ရာ ရနေတဲ့ လူ ၁၅ ယောက်လောက် အနည်းဆုံး ကယ်တင် နိုင်ခဲ့တယ်လို့ သိရပါတယ်။

လမ်းက ကျဉ်းလွန်းတဲ့ အတွက် ကရိန်းနဲ့ ဝန်ချီစက်ကြီးတွေ ချက်ချင်း ရောက်မလာနိုင် ဖြစ်နေတယ်လို့ အဲဒိမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ