ဆီးရီးယားနဲ့ မြောက်ကိုရီးယားကို ပနားမားရှေ့နေရုံး ကူညီခဲ့

mossack_fonseca_ ဓာတ်ပုံ မူပိုင် Getty
Image caption ဆီးရီးယား ကုဋေကြွယ် သူဌေး ရာမီ မာခ်လုဖ် အတွက်လည်း အယောင်ပြ စီးပွားရေး လုပ်ငန်း ၆ ခုကို မော့စ်ဆက် ဖွန်ဆက်ကာ က ဖန်တီး ပေးထား ပါတယ်။

ပါနားမား ဥပဒေ အကျိုးဆောင် အဖွဲ့ မော့စ်ဆက် ဖွန်ဆက်ကာ ရဲ့ ပေါက်ကြား လာခဲ့တဲ့ စာရွက်စာတမ်း တွေ အရ အဲဒီ့ ရှေ့နေရုံးကနေ အလုပ်လက်ခံ ဆောင်ရွက် ပေးခဲ့ကြသူတွေ ထဲ အမေရိကန် ဘဏ္ဍာရေး ဌာန ကနေ အရေးယူ ကန့်သတ် ပိတ်ဆို့မှု တွေ ပြုလုပ် ထားတဲ့ ဆီးရီးယား နဲ့ မြောက်ကိုရီးယား နိုင်ငံတွေ က သူတွေ ပါဝင် နေပါတယ်။

ဆီးရီးယား နဲ့ မြောက်ကိုရီးယား နိုင်ငံတွေနဲ့ ဆက်စပ် နေသူတွေ အဖြစ် သိလျက်နဲ့တော့ မော့စ်ဆက် ဖွန်ဆက်ကာ ပိုင် ကုမ္ပဏီ တွေ ကို အသုံးပြုခွင့် ဘယ်သော အခါမှ ပေးခဲ့မှာ မဟုတ် ဘူးဆိုပြီး ပနားမား ရှေ့နေအဖွဲ့ က ဆိုပါတယ်။

ဒါပေမယ့် ဘီဘီစီ ရဲ့ စုံစမ်း ဖော်ထုတ်ချက် အရ မော့စ်ဆက် ဖွန်ဆက်ကာ အဖွဲ့ဟာ ကင်မ်ချိုဆမ် ဆိုတဲ့ မြောက်ကိုရီးယား အစိုးရ အရာရှိတစ်ဦး အတွက် ကုမ္ပဏီ တစ်ခု ထူထောင် ပေးခဲ့တာမှာ မြောက်ကိုရီးယား နျူကလီယာ လက်နက် အစီအစဉ် အတွက် လိုအပ်တဲ့ ဒေါ်လာ ငွေ သန်းပေါင်းများစွာ ငွေပေးငွေယူ တွေကို အဲဒီ့ ကုမ္ပဏီ နာမည်အောက်မှာ ပြုလုပ် နိုင်ခဲ့ပါတယ်။

တခါ၊ အမေရိကန် အစိုးရရဲ့ အရေးယူ ပိတ်ဆို့မှု ကို ၂၀၀၈ ခုနှစ် ကတည်းက ခံနေရတဲ့ ဆီးရီးယား ကုဋေကြွယ် သူဌေး ရာမီ မာခ်လုဖ် အတွက်လည်း အယောင်ပြ စီးပွားရေး လုပ်ငန်း ၆ ခုကို မော့စ်ဆက် ဖွန်ဆက်ကာ က ဖန်တီး ပေးထား ပါတယ်။

ဒီအချိန်မှာပဲ၊ ပနားမား သမ္မတ ဟွမ် ကားလို့စ် ဗရဲလား က သူ့ အစိုးရ အနေနဲ့ ဘဏ္ဍာရေး ဆိုင်ရာ တရားမဝင် အပြုအမူတွေ အပေါ် လုံးဝ သည်းညည်း ခံမှာ မဟုတ်ဘူး ဆိုပြီး ပြောလာပါတယ်။

ပနားမား ရှေ့နေ ကုမ္ပဏီ နဲ့ ပတ်သက်ပြီး လတ်တလော ထွက်ပေါ် လာခဲ့တဲ့ ကိစ္စချင်းရာ တွေ အပေါ် ဥပဒေ အရ စုံစမ်း စစ်ဆေးမှု တွေ ဘယ်နိုင်ငံ ထဲမှာ ပြုလုပ်သည် ဖြစ်စေ ပနားမား အစိုးရဘက်က အစွမ်းကုန် ပူးပေါင်း ကူညီမယ် လို့လည်း မစ္စတာ ဗရဲလား က ဆိုပါတယ်။

အခုလို ပနားမား စာရွက်စာတမ်း ပေါက်ကြားမှု ဖြစ်လာ ခဲ့တဲ့နောက် ဗြိတိန် နိုင်ငံမှာလည်း အခွန် ရှောင်လိုတဲ့ အတွက် ပယ်လယ်ရပ်ခြား မှာ အယောင်ပြ လုပ်ငန်း တွေ သွားရောက် ထားရှိတဲ့ အပေါ် ပြင်းပြင်းထန်ထန် ကိုင်တွယ် ဆောင်ရွက်ဖို့ အဓိက အတိုက်အခံ လေဘာ ပါတီ က ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် ဦးဆောင်တဲ့ ကွန်ဆားဗတစ်ဗ် အစိုးရ ကို တိုက်တွန်း လိုက်ပါတယ်။

ဗြိတိန် နိုင်ငံရဲ့ ပယ်လယ်ရပ်ခြား ပိုင်နယ် မြေ တွေ နဲ့ အစောင့်အရှောက်ခံ နိုင်ငံ တချို့ ဟာ သူတို့နိုင်ငံထဲ အခွန် ကင်းလွတ်ခွင့် တွေ ပေးထားပါတယ်။

အခု ပနားမား စာရွက်စာတမ်း ပေါက်ကြားမှု အရ ဝန်ကြီးချုပ် ကင်မရွန် ရဲ့ ဖခင် ဖြစ်သူဟာလည်း မကွယ်လွန် ခင်က ဆိုရင် မော့စ်ဆက် ဖွန်ဆက်ကာ ရှေ့နေ အဖွဲ့ဆီ အလုပ်အပ်နှံ ခဲ့သူ ဖြစ်တယ် ဆိုတဲ့ အချက် ထွက်ပေါ် လာပါတယ်။

ဝန်ကြီးချုပ်ရုံးကတော့ မစ္စတာ ကင်မရွန် မိသားစုရဲ့ အခွန် နဲ့ ပတ်သက်တဲ့ အကြောင်းချင်းရာတွေ ဟာ ပုဂ္ဂိုလ်ရေး ကိစ္စ သာ ဖြစ်တယ် လို့ ထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ