နိုင်ငံရွှေ့ပြောင်း ဝင်လာသူတွေကို ဂရိကနေ တူရကီပြန်ပို့

Image caption ဥရောပဒေသထဲ နိုင်ငံရွှေ့ပြောင်း ဝင်လာသူ အရေအတွက် လျှော့ချဖို့ ဘော်လကန် ဒေသတွင်း နိုင်ငံတွေနဲ့ အီးယူ သဘောတူထား

ဥရောပ ဒေသထဲ နိုင်ငံရွှေ့ပြောင်း ဝင်လာသူအရေအတွက် လျှော့ချဖို့ ဥရောပသမဂ္ဂနဲ့ သဘောတူထားချက်အရ နိုင်ငံရွှေ့ပြောင်း ဝင်လာသူ ၁၂၀ကျော်ကို ဂရိနိုင်ငံကနေ တူရကီနိုင်ငံဆီ သင်္ဘောကြီး နှစ်စင်းနဲ့ ပြန်ပို့လိုက်ပါတယ်။

သူတို့ကို လက်စ်ဘော့စ်မြို့ကနေ ဒီကီလီ မြို့ဆီ ပို့လိုက်တာပါ။

သင်္ဘောပေါ် ပါသူ အများစုဟာ ပါကစ္စတန်လူမျိုးတွေ ဖြစ်ပါတယ်။

တူရကီ ပါလီမန်က ညတွင်းချင်း အတည်ပြုလိုက်တဲ့ ဥပဒေတခုနဲ့ အညီ အဲဒီလူတွေကို ထိန်းသိမ်းရေး စခန်းတွေဆီ ခေါ်ဆောင်သွားမှာ ဖြစ်ပြီး အဲဒီနောက်မှာတော့ ပါကစ္စတန်နိုင်ငံဆီ ပြန်ပို့မှာ ဖြစ်ပါတယ်။