အိုဘားမား ဆော်ဒီခရီး

obama
Image caption အိုဘားမားနဲ့ ဘုရင်ဆော်လ်မန် တွေ့ဆုံမှု အေးစက်

အမေရိကန် သမ္မတ အိုဘားမားဟာ ဆော်ဒီအာရေဗျ နိုင်ငံမှာ ဆော်လ်မန် ဘုရင်နဲ့ တွေ့ဆုံဖို့ ရောက်နေပါတယ်။ ဒါပေမဲ့ သမ္မတ အိုဘားမားနဲ့ ဘုရင် ဆော်လ်မန်တို့ ရဲ့ တွေ့ဆုံမှုဟာ အေးတိအေးစက် ဆက်ဆံရေးမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

သမ္မတ အိုဘားမားရဲ့ သက်တမ်း ကုန်ဆုံးခါနီးပါပြီ။ ဒီတော့ ဆော်ဒီအာရေဗျ ဘက်က အိုဘားမား ဟာ သူတို့ အတွက် သိပ်အသုံးဝင်တော့မှာ မဟုတ်တော့ဘူးဆိုတဲ့ အမြင်မျိုးရှိနိုင်ပါတယ်။

ဒါ့ထက် ပိုအရေးကြီးတာက နျူးကလီးယား အရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ အီရန်တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတဲ့ အချက်နဲ့ သက်ဆိုင်ပါတယ်။

အီရန်နဲ့ ဆော်ဒီအာရေဗျ ဆိုတာ အစဉ်အလာ ရန်သူတွေ ဖြစ်ကြပါတယ်။ ဘာသာရေးအားဖြင့် ရှီးယားနဲ့ ဆွန်နီ ဆိုတဲ့ အမျိုးအစား မတူကြတဲ့ အစ္စလာမ် ဘာသာနိုင်ငံတွေ ဖြစ်ကြပါတယ်။

ဆော်ဒီဟာ တချိန်က အမေရိကန်ရဲ့ ရေနံ ပေါ်လစီမှာ အချက်အချာ နိုင်ငံဖြစ်သလို အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်း ဆိုင်ရာ စစ်ရေးဗျူဟာ မှာလည်း အရေးပါတဲ့ မဟာမိတ်နိုင်ငံ ဖြစ်ခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စု က ထုတ်လုပ်တဲ့ လက်နက် အများအပြားကို အမေရိကန်ဒေါ်လာ သိန်းထောင်ပေါင်းများစွာ အကုန်အကျခံပြီး ဖြုန်းပေးနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

လက်ညှိုး ထိုးဝေဖန်

တဘက် မှာတော့ ဆော်ဒီအာရေဗျ နိုင်ငံဟာ အစွန်းရောက် အစ္စလာမ် ဝါဒီတွေရဲ့ ဇာတိမြေအဖြစ် အမေရိကန် ပြည်တွင်း ပြည်ပတွေရဲ့ လက်ညှိုး ထိုးဝေဖန်မှုဟာ တလျှောက်လုံးရှိခဲ့ပါတယ်။

အခု အမေရိကန်ဟာ အီရန်နဲ့ အဆင်ပြေ လာပြီးနောက်မှာ ဆော်ဒီနဲ့ ဆက်ဆံရေး ပြောင်းလဲလာတော့မှာလား ၊ အမေရိကန်ရဲ့ မူဝါဒ အပြောင်းအလဲ ဖြစ်လာတော့မှာလားဆိုတဲ့ စိုးရိမ်ပူပန်မှုမျိုး ဆော်ဒီဘက်မှာ ရှိပါတယ်။

အဲဒီပူပန်မှုကို အားဖြည့်ပေးနေတဲ့ အချက်တချက်က အမေရိကန်မှာ အခု ဥပဒေကြမ်းတခုကို အတည်ပြု ပြဋ္ဌာန်းဖို့ ပြင်ဆင်နေတဲ့ အချက်ဖြစ်ပါတယ်။

အဲဒီဥပဒေ အတည်ဖြစ်ရင် အမေရိကန် နိုင်ငံသားတွေက ဆော်ဒီကို ၉/၁၁ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုနိုင်မှာ ဖြစ်ပါတယ်။

ဒီလို အခြေအနေမျိုးတွေ ကြောင့် အမေရိကန်-ဆော်ဒီ ဆက်ဆံရေးဟာ မလန်းမဆန်း ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ် ။

ဒီခရီးစဉ်မှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီး အက်ရှ်တန် ကာတာလည်း အတူလိုက်ပါလာပြီး သမ္မတအိုဘားမားဟာ ဆော်ဒီဘုရင် အပြင် တခြား ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံ တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ