လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုရဖို့ MSF အဖွဲ့ထပ်မံ တောင်းဆို

ဓာတ်ပုံ မူပိုင် AP
Image caption စစ်ဘက်တာဝန်ရှိသူ ၁၆ ယောက်ကို စည်းကမ်းမလိုက်နာမှုနဲ့ အရေးယူ

အာဖဂန်နစ္စတန်နိုင်ငံ ခွန်ဒုဇ် ပြည်နယ်မှာ နယ်စည်းမခြား ဆရာဝန်များ ဆေးကုသမှု ပေးနေတဲ့ ဆေးရုံကို အမေရိကန် လေတပ်ကဗုံးကြဲမှုကြောင့် လူ ၄၂ ယောက်သေဆုံးမှုနဲ့ ပတ်သက်ပြီး ပင်တဂွန် စစ်ဌာနချုပ်က သူတို့ရဲ့ စုံစမ်းတွေ့ရှိချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အမေရိကန် ဗဟို စစ်ဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂျိုးဇက်ဖ် ဗိုတဲလ် ကခွန်ဒုဇ်ဆေးရုံဗုံးကြဲမှုဟာ လူ့အမှားနည်းပညာအမှား ပစ္စည်းကိရိယာ အမှားတွေကြောင့် ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ဒီဖြစ်ရပ်ကြောင့် အမေရိကန် စစ်ဘက်တာဝန်ရှိသူ ၁၆ ယောက်ကို စည်းကမ်းမလိုက်နာမှုနဲ့ အရေးယူထားတယ်လို့လည်း ဗိုလ်ချုပ်ကြီး ဂျိုးဇက်ဖ် ဗိုတဲလ်က ဆိုပါတယ်။ ဒါပေမယ့် အခုဗုံးကြဲမှုဟာ စစ်ရာဇဝတ်မှု မမြောက်ဘူးလို့ ဆိုပါတယ်။ စုံစမ်းစစ်ဆေးမှုအရ အခုချို့ယွင်းပျက်ကွက်မှုဟာ စစ်ရာဇဝတ်မှု မမြောက်ပါဘူး။ စစ်ရာဇဝတ်မှုဆိုတာ အရပ်သားပစ်မှတ်ကို တမင်ရည်ရွယ်ပြီး ဗုံးကြဲမှ စစ်ရာဇဝတ်မှု မြောက်တာပါ။ အခုစုံစမ်းစစ်ဆေးမှုအရ အခုဖြစ်စဉ်ဟာ လူ့အမှား၊ နည်းပညာ အမှား၊ စက်ကိရိယာ အမှားကြောင့်ဖြစ်တာသာ ဖြစ်တဲ့ အတွက် စစ်ရာဇဝတ်မှု မမြောက်ပါဘူးလို့ ပြောခဲ့ပါတယ်။

အခုဖြစ်ရပ်ဟာ တမင်ရည်ရွယ်လုပ်ဆောင်တာမဟုတ်ဘူးဆိုတဲ့ အပေါ် နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ကတော့ ကျေနပ်မှု မရှိတဲ့အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု လုပ်ဖို့ကိုပဲ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က ထပ်မံတောင်းဆိုကြပါတယ်။ ဒီဆေးရုံဟာ အလွန်လူသိများတဲ့ ဆေးရုံပါ။ အမေရိကန် စစ်ဖက်ပုဂ္ဂိုလ်တွေနဲ့လည်း အဆက်အသွယ်ရှိတဲ့ ဆေးရုံဖြစ်ပါတယ်။ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များနဲ့လည်း အဆက်အသွယ်လမ်းကြောင်းပြုလုပ်ပြီး ဖွင့်လှစ် ကုသနေတဲ့ ဆေးရုံဖြစ်ပါတယ်။

ဒါ့ကြောင့် အခုလို ပစ်မှတ်မှားယွင်းပစ်မိတယ်ဆိုတဲ့ နိဂုံးချုပ်ချက်ဟာ ကျေနပ်စရာ မရှိပါဘူး။ ဒါ့ကြောင့် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ပေးပါလို့ ပြောပါတယ်။

လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု မလုပ်ခဲ့ရင် သူတို့အနေနဲ့ သူတို့ရဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို အပြည့်အဝ အကာအကွယ်ပေးထားနိုင်တယ်လို့ ဘယ်လိုမှ ယုံကြည်နိုင်တော့မှာ မဟုတ်ပါဘူးလို့ လည်းပြောပါတယ်။

ဗိုလ်ချုပ်ကြီး ဂျိုးဇက်ဗိုတဲလ်က တိုက်ခိုက်သူတွေဟာ နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ရလို့ ပင်ပန်းနွမ်းနယ်နေကြပြီး ပစ်မှတ်နဲ့ ပတ်သက်ပြီး သတင်းအချက်အလက် တိတိကျကျ စုံစမ်းရှာဖွေမှု မလုပ်ခဲ့ကြလို့ မှားယွင်းပစ်ခတ်မိတယ်လို့ ဆိုပါတယ်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ကတော့ ဆေးရုံကို ဗုံးလာကြဲပြီး ၁၀ မိနစ်အတွင်းမှာ ဆေးရုံကို ဗုံးလာကြဲနေတာကို ချက်ချင်းရပ်ပေးဖို့ အမေရိကန် စစ်စခန်းကို ဖုန်းဆက်အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဖုန်းဆက် အကြောင်းကြားပြီးတဲ့နောက် မိနစ် နှစ်ဆယ် ဆက်လက်ဗုံးကြဲခဲ့တဲ့ အတွက် မသိလို့ မှားယွင်းဗုံးကြဲမိတယ်ဆိုတာကို လက်ခံနိုင်ဖွယ် မရှိဘူးလို့ ဖြစ်စဉ်စတင်ဖြစ်ပွားစဉ်ကတည်းက တသမတ်တည်း တောက်လျှောက်ပြောဆိုနေခဲ့ တာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ