ဂျာမန် AFD ပါတီညီလာခံမှ အစ်စလာမ် ဆန့်ကျင်ရေးမူ အတည်ပြု

_afd_executives ဓာတ်ပုံ မူပိုင် AFP
Image caption AFD ပါတီ ခေါင်းဆောင်များ

ဂျာမနီ နိုင်ငံ မှ လက်ျာယိမ်း AFD ပါတီ ရဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ကြေညာ စာတမ်း မှာ အစ္စလာမ် ဘာသာ ဟာ ဂျာမနီ နိုင်ငံ ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့ ကိုက်ညီမှု မရှိတဲ့ အတွက် အစ္စလာမ် ဆန့်ကျင်တဲ့မူ တွေ အဖြစ် ဗလီကျောင်း မျှော်စင် ကနေ ဝတ်ပြုဖို့ ဆော်သြတာ ရယ်၊ အမျိုးသမီးတွေ မျက်နှာ ဖုံးအုပ်တဲ့ ဝတ်စားဆင်ယင်မှု စတာတွေ ကို ပိတ်ပင်မဲ့ အချက်တွေ ကို ပါတီညီလာခံ က နေ ထပ်လောင်း ထောက်ခံလိုက်ပါတယ်။

ရွေးကောက်ပွဲ ကြေညာချက် အရ AFD ပါတီ ဟာ ဂျာမနီ မှာ ခိုလှုံဖို့ ရောက်လာသူတွေ အနေနဲ့ အစ္စလာမ် ဘာသာ ကို ခရစ်ယာန် ဘာသာ လို ဘာသာရေး လွတ်လပ်ခွင့် ဂျာမနီ နိုင်ငံ မှာ မရနိုင်ဘူး ဆိုတာ ကို ထောက်ပြ လိုက်ပါတယ်။

AFD ပါတီဝင် တဦး ရဲ့ ထောက်ခံချက် ကတော့ သူတို့ ငယ်ငယ် ကတည်းက ခရစ်ယာန် ဘုရားရှိခိုးကျောင်း က ခေါင်းလောင်းသံ ပဲ ဖုံးလွှမ်းပြီး ကြားရလေ့ ရှိတာ ကို နှစ်ချိုက်ခဲ့တဲ့ အတွက် ဗလီမျှော်စင် က အသံ ကို လက်မခံနိုင်ပါဘူး လို့ ပြောတာပါ။

AFD ပါတီ ရဲ့ တွဲဘက်ခေါင်းဆောင် ကလည်း ပါတီ ရဲ့ ဆုံးဖြတ်ချက် ဟာ ဂျာမနီမှာ နေထိုင်တဲ့ မွတ်စလင် တွေ ကို ခွဲခြားဆက်ဆံ တဲ့ သဘော မဟုတ်တဲ့ အကြောင်း၊ ဒါပေမဲ့ ရှာရီယာ ပညတ်ချက်တွေ ကိုတော့ ဂျာမန်မြေ ပေါ်မှာ ခွင့်မပြုနိုင်ပါဘူး လို့ ဆိုရင်း ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်တဲ့ အစ္စလာမ် ဘာသာ သက်ဝင် ယုံကြည် သူတွေ ကို ဆန့်ကျင်တာ လည်း မဟုတ်ပါဘူး လို့ ရှင်းပြတာပါ။

ပြီးခဲ့တဲ့ နှစ် က စလို့ ဂျာမနီနိုင်ငံ ကို ထွက်ပြေး ခိုလှုံလာကြတဲ့ စစ်ပြေး ဒုက္ခသည် တစ်သန်းကျော် အနက် စစ်ဖြစ်နေတဲ့ အရှေ့အလယ်ပိုင်း ဒေသ က လူ အများစု ဟာ အစ္စလာမ် ဘာသာဝင် တွေ ဖြစ်ကြပါတယ်။

ဂျာမနီ တနိုင်ငံလုံး မှာ လည်း မွတ်ဆလင် လေးသန်း နီးပါး ရှိနေပြီဖြစ် လို့ နိုင်ငံ့လူဦးရေ ရဲ့ ငါးပုံ တပုံ ရှိနေ ပါပြီ။ တူရကီ အနွယ်ဝင်တွေ ဆိုရင် ဆွေစဉ်မျိုးဆက် နေကြတာပါ။

ဒါပေမဲ့ AFD ပါတီသာ လာမဲ့နှစ် မှာ အမျိုးသား လွှတ်တော်ထဲ ပထမဆုံး မဲနိုင်ပြီး ဝင်လာခဲ့ရင် လူမျိုး ဘာသာ ခွဲခြားမှု အခြေခံတဲ့ အန္တရာယ်တွေ ဝင်လာဘွယ်ရှိတယ် လို့ နိုင်ငံရေး အကဲခတ်တွေ က ပြောသလို မွတ်စလင် ခေါင်းဆောင် တဦး ကလည်း တချိန် က ဂျူးလူမျိုးတွေ ကို နာဇီ ဂျာမန်တွေ နှိပ်ကွပ်သလို အခြေအနေ ရောက်လာမှာ စိုးရိမ်ကြောင်း ပြောပါတယ်။