တောမီးလောင်နေတဲ့ ဖို့တ် မက်မာရေးမြို့မှာ အရေးပေါ် ကြေညာ

ဓာတ်ပုံ မူပိုင် Reuters
Image caption မြို့ခံအတော်များများရဲ့ နေအိမ်တွေ မီးထဲ ပါသွား

တောမီးတွေ အကြီးအကျယ် ဆက်လက် လောင်ကျွမ်းနေဆဲ ဖြစ်တဲ့ ကနေဒါနိုင်ငံ Alberta ပြည်နယ် Fort McMurray မြို့မှာ ပြည်နယ် အုပ်ချုပ်ရေးမှူးက အရေးပေါ် အမိန့် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ တောမီးကြောင့် မယုံနိုင်လောက်တဲ့ အတိုင်းအတာ ပမာဏလောက် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရတယ်လို့ ကနေဒါ ဝန်ကြီးချုပ် Justin Trudeau က ပြောပါတယ်။

တောမီး အန္တရာယ်ကို ဖြေရှင်းနိုင်ရေးမှာ အကူအညီပေးဖို့ ပြည်နယ်အသီးသီးကနေ ကမ်းလှမ်းလာသလို ဖယ်ဒရယ် အစိုးရအနေနဲ့ လည်း ရေတို ရေရှည် စီမံကိန်းတွေနဲ့ အစွမ်းကုန် အကူအညီပေးသွားမှာ ဖြစ်ကြောင်း မယ်လို့ ဆိုပါတယ်။

စစ်ဘက်ဆိုင်ရာ လေယာဉ်တွေနဲ့ ဝေဟင်ကနေလည်း ကူညီ မီးငြိမ်းသတ်နေတယ်လို့ သိရပါတယ်။

အခုအခါ Fort McMurray မြို့တမြို့လုံးက မြို့နေလူထုကို ဘေးလွတ်ရာ ရှောင်ခိုင်းထားပြီး အတော်များများရဲ့ နေအိမ်တွေ မီးထဲ ပါသွားခဲ့ပြီ ဖြစ်ပါတယ်။

မနေ့က မီးအပူရှိန်ပြင်းတာရော လေပြင်းတိုက်တာနဲ့ပါ ပေါင်းလိုက်ရင် ထိန်းမနိုင် သိမ်းမရ အခြေအနေမျိုး ဖြစ်လာနိုင်ပြီး မြို့ရဲ့ နောက်ထပ် ရပ်ကွက်တွေ မီးလောင်ပျက်စီးမယ့် ပုံရှိတယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။