ဗီယက်နမ် ခေါက်ဆွဲဆိုင်ရောက် အမေရိကန် သမ္မတ

အမေရိကန် သမ္မတ အိုဘားမား နဲ့ အတူ တစ်စားပွဲတည်း ထိုင် စကားပြောနေတဲ့ ပုံကို တင်ခဲ့သူကတော့ အမေရိကန် နာမည်ကျော် စာဖိုမှူး တစ်ဦး ဖြစ်တဲ့ Anthony Bourdain ပဲ ဖြစ်ပါတယ်။

အင်္ဂါနေ့က သမ္မတ အိုဘားမား နဲ့ စားဖိုမှူးအန်သိုနီ ဘော်ဒိန်း တို့ ၂ ဦးဟာ ဟနွိုင်မြို့က ခေါက်ဆွဲ ဆိုင် တစ်ခု မှာ ၂ ယောက်သား အေးအေးလူလူ ထိုင်နေခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဆိုင်က ခေါက်ဆွဲပြုတ် တစ်ပွဲရဲ့ တန်ဖိုးဟာ ၆ ဒေါ်လာပဲ ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံက နာမည်ကျော် စားဖိုမှူးအန်သိုနီ ဘော်ဒိန်း ဟာ နိုင်ငံ အများအပြား ကို သွားရောက် ပြီး အဆိုပါ နိုင်ငံတွေက ရိုးရာ အစားအစာ တွေ အကြောင်း ကို တီဗီ အစီအစဉ် တစ်ခုမှာ တင်ဆက် ပေးနေသူ ဖြစ်ပါတယ်။

ဗီယက်နမ် ခေါက်ဆွဲ ဆိုင်ထဲမှာ ထိုင်စား နေကြသူ တခြားလူတွေက အမေရိကန် သမ္မတ နဲ့ နာမည်ကျော် စားဖိုမှူးတို့ လာထိုင်စားနေတယ် ဆိုတာ သတိမထား မိဘူး ဆိုတာ ဖြစ်နိုင်ပါလားလို့ အင်တာနက် ဆွေးနွေးခန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ခဲ့ကြပါတယ်။

အမှန်တကယ် ကတော့ အမေရိကန် စာဖိုးမှူး ရဲ့ တီဗီ အစီအစဉ် တစ်ခုကို သမ္မတ အိုဘားမား က အကူအညီ ပေးခဲ့တဲ့ ပုံပါ။

ဓါတ်ပုံလူမှုကွန်ယက် တစ်ခု ဖြစ်တဲ့ Instagram မှာအန်သိုနီ ဘော်ဒိန်း ရဲ့ ပုံကို like လုပ်ခဲ့သူပေါင်း တစ်သိန်းကျော် ရှိပြီး မှတ်ချက် ပေးစကားတွေ လည်း အများအပြား ရှိခဲ့ပါတယ်။

ခေါက်ဆွဲဆိုင်ရဲ့ အပြင်ဘက်မှာတော့ သမ္မတ အိုဘားမား ကို ပရိတ်သတ်တွေ ဝိုင်းဝိုင်းလည်နေပါတယ်။

ခေါက်ဆွဲ ပန်းကန် ပေါ်မှာ တူချထားတာ၊ ပန်းကန်တွေ စီစဉ်ထား တာ က စနစ် တကျ ရှိတယ်လို့ တချို့က ပြောပါတယ်။ တူ ကို ခေါက်ဆွဲ ပန်းကန်ထဲမှာ ထည့် မထား ခဲ့တဲ့ အတွက်လည်း အိုဘားမား ရဲ့ တူနဲ့ ပတ်သက်တဲ့ ဗဟုသုတ ကိုလည်း ချီးမွမ်း ခဲ့ကြပါတယ်။ (တချို့ဒေသတွေမှာ ပန်းကန်ထဲ တူ စိုက်ထား ရင် မယဉ်ကျေး တဲ့ အပြုအမူလို့ ယူဆ ကြလို့ပဲ ဖြစ်ပါတယ်။ )

ဆိုင်က ပြန်အထွက်မှာတော့ သမ္မတ အိုဘားမား က ဆိုင်ရှင်တွေကို ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့ပါတယ်။

အခု ပုံကို ဘာရည်ရွယ်ချက် နဲ့ တင်ခဲ့ တာလည်း ဆိုတာ လူအများက မေးခွန်း ထုတ်ခဲ့ကြပါတယ်။ သတင်းထောက် တစ်ယောက်ကတော့အန်သိုနီ ဘော်ဒိန်းရဲ့ တီဗီ အစီ အစဉ်ကို သမ္မတ အိုဘားမား က ကူညီခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

အန်သိုနီ ဘော်ဒိန်း ရဲ့ အစီအစဉ် ကို လာမယ့် စက်တင်ဘာလမှာ ထုတ်လွှတ်မယ်လို့ သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ