ရီယို အိုလံပစ်ပွဲ ရွှေ့ပေးဖို့ တောင်းဆိုစာကို မြို့တော်ဝန် ပယ်ချ

clegg_paes_reuters ဓာတ်ပုံ မူပိုင် Reuters
Image caption အားကစားရွာမှာလည်း ခြင်အားလုံး နှိမ်နှင်း ခဲ့ပြီး ဖြစ် တယ်လို့ မြို့တော်ဝန် ပိုက်စ်က ပြော။

ဘရာဇီး နိုင်ငံမှာ ဇီကာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်ကြောင့် ရီယို အိုလံပစ်ပွဲကို ရွှေ့ဆိုင်းဖို့ ဒါမှ မဟုတ်၊ ရီယို မြို့မှာ မလုပ်ပဲ ဒီ့ပြင် နေရာမှာ ပြောင်း ကျင်းပဖို့ နိုင်ငံတကာက ဆေးပညာရှင် အယောက် တစ်ရာကျော်က စာရေးသား တောင်းဆို လာတာကို ရီယိုဒါ ဂျေနေးရိုး မြို့တော်ဝန်က ပယ်ချ လိုက်ပါတယ်။

ရီယိုမြို့မှာ ကျန်းမာရေး ဝန်ထမ်း ထောင်ပေါင်းများစွာဟာ ဇီကာ နှိမ်နှင်းရေးတွေ ဆက်လက် လုပ်ကိုင်နေပြီး၊ အခြေအနေကို စောင့်ကြည့် စစ်ဆေး နေကြတယ်လို့ မြို့တော်ဝန် အက်ဒွားဒိုး ပိုက်စ်က ဆိုပါတယ်။

ဒါ့အပြင် အိုလံပစ်ပွဲတွေ ကျင်းပမယ့် အားကစားရွာမှာလည်း ခြင်အားလုံး နှိမ်နှင်း ခဲ့ပြီး ဖြစ် တယ်လို့ မြို့တော်ဝန် ပိုက်စ်က ပြောပါတယ်။

အစောပိုင်းတုန်းကလည်း၊ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က ရီယို အိုလံပစ်ပွဲကို ရွှေ့ဖို့ မလိုအပ်ဘူး ဆိုပြီး ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ