ထိုင်း ကျားကျောင်းကို တရားစွဲပြီ

tiger ဓာတ်ပုံ မူပိုင် Reuters
Image caption ကျားတွေ ယဉ်ပါးအောင် မွေးမြူ ပြသ

ထိုင်းနိုင်ငံမှာ ကျားတွေကို ဘေးမဲ့ပေး စောင့်ရှောက်ထားတဲ့ ဘုန်းကြီးကျောင်း တကျောင်း ကနေ ကျား ခန္ဓာကိုယ် အစိတ်အပိုင်းတွေ မှောင်ခို ရောင်းချနေတဲ့ သံဃာ တပါးနဲ့ အမျိုးသား ၂ ယောက်ကို အာဏာပိုင်တွေက လက်ရ ဖမ်းဆီးပြီး တရားစွဲ ခဲ့ပါတယ်။

ကျား အရေခွံတွေ ၊ ကျားစွယ်တွေကို လက်ဆွဲ သေတ္တာထဲ ထည့်ပြီး ဘုန်းကြီးကျောင်းက ထွက်ဖို့ လုပ်နေတုန်းမှာ သူတို့ကို ကားပေါ်မှာ ဖမ်းမိ ခဲ့တာ ဖြစ်ပါတယ်။

ကန်ချနဘူရီ ခရိုင် Wat Pha Luang Ta Bua ဘုန်းကြီးကျောင်းက ရေခဲ သေတ္တာ ထဲမှာ ကျားပေါက်စ အသေ အကောင် ၄ဝ တွေ့ခဲ့ပြီး နောက်ရက်မှာ ခုလို ဖမ်းဆီး ခဲ့တာပါ။

ကျားကျောင်းမှာ ရှိတဲ့ ကျား ၁၃၇ ကောင်ကို ရွှေ့ပြောင်းဖို့ လုပ်ရင်း ဒီလို ကျားသေတွေကို တွေ့ခဲ့တာ လည်း ဖြစ်ပါတယ်။

ဘုန်းကြီးကျောင်း က ကျားသေလေးတွေဟာ တရက်သား ၂ ရက်သားသာ ရှိသေးတယ်လို့ ရဲမှူးကြီး Bandith Meungsukhum က ပြောပါတယ်။ ဘယ်တုန်းက သေဆုံးခဲ့တယ် ဆိုတာကိုတော့ မသိရသေးဘူးလို့လည်း ဆိုပါတယ်။

ကျားပေါက်စ အသေတွေရဲ့ ဒီအင်အေ မျိုးဗီဇကို စစ်ဆေးပြီး ကျောင်းထဲမှာ တွေ့တဲ့ ကျားတွေနဲ့ တော်စပ်မှု ရှိမရှိ လေ့လာသွားမှာ ဖြစ်ပါတယ်။

ဒီ ကျား ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို တရုတ် ဆေး ဖော်စပ်ရာမှာ သုံးသလား ဆိုတာကို စစ်ဆေးနေပါတယ်။

ဓာတ်ပုံ မူပိုင် Getty
Image caption ကျား အကောင် တရာကျော်ကို ရွှေ့ပြောင်းသယ်ယူ
အအေးခန်းထဲမှာ ထည့်ထားခိုင်း

တိရိစ္ဆာန် အသေတွေကို အအေးခန်းထဲမှာ ထည့်ထားခိုင်းတယ်လို့ ကျားလှောင်အိမ်စောင့် တယောက်က ပြောခဲ့ဖူးကြောင်းလည်း ထိုင်း အမျိုးသား ဥယျာဉ် အရာရှိ တယောက်က ဆိုပါတယ်။

မွေးမွေးချင်း သေသွားတဲ့ ကျားပေါက်လေးတွေကို သင်္ဂြိုဟ်တာကို ၂ဝ၁ဝ ထဲက ရပ်ဆိုင်းခဲ့ကြောင်း ဘုန်းကြီးကျောင်း က အရင်က ပြောတာ ရှိခဲ့ပါတယ်။

သားရဲ တိရိစ္ဆာန် ရောင်းဝယ်မှု ရှိတယ် ဆိုတဲ့ စွဲချက်တွေကိုတော့ သူတို့က ငြင်းဆိုခဲ့ပါတယ်။

ဘန်ကောက်မြို့ အနောက်ဘက်က ကျားကျောင်းမှာ အရင်က ကမ္ဘာလှည့် ခရီးသွားတွေကို ငွေယူပြီး တိရိစ္ဆာန်တွေနဲ့ ဓာတ်ပုံရိုက်ခွင့် ပေးနေတာ ဖြစ်ပါတယ်။

ကျားတွေကို ညှဉ်းပန်းနှိပ်စက်မှုတွေ ရှိပြီး လှောင်အိမ်လေးတွေနဲ့ ထားတယ် ဆိုတဲ့ ပြောဆိုမှုတွေလည်း အရင်ထဲက ရှိနေခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ