ဆိန်းမြစ်ရေကြီးလို့ လုဗ် ပြတိုက် က အနုပညာပစ္စည်းတွေ ရွှေ့နေရ

ပါရီ ရေကြီး ဓာတ်ပုံ မူပိုင် AFP
Image caption ဆိန်းမြစ်ရေကြီးတာ ကို တိုင်းကြတဲ့ ရုပ်ထု ဇွန်လ ၂ ရက်နေ့က တွေ့ရပုံ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဆိန်း မြစ်ရေဟာ နှစ်ပေါင်း ၃၀အတွင်း အမြင့်ဆုံးအမှတ်ထိ မြင့်တက်ခဲ့ပြီး လမ်းတွေပေါ် ရေတွေ လျှံတက်ခဲ့တဲ့အတွက် ပြတိုက်တွေ ပန်းခြံတွေ သင်္ချိုင်းတွေ အတော်များများကို ပိတ်ပစ်ခဲ့ရ ပါတယ်။

ဆိန်းမြစ်ကမ်းဘေးနဲ့နီးတဲ့ ကမ္ဘာကျော် လုဗ် ပြတိုက်တို့ အော်ဆေးပြတိုက်တို့ ကို ပိတ်ထားရပြီး အနုပညာပစ္စည်းတွေ အလောတကြီးရွှေ့ပြောင်းနေရပါတယ်။

လုဗပြတိုက်မှာဆိုရင် မြေအောက်အခန်းမှာရှိတဲ့အနုပညာပစ္စည်းပေါင်း ၂ သိန်းခွဲ လောက်ကို ရေမထိရအောင် ပြတိုက်ကတာဝန်ရှိသူတွေ ကြိုးပမ်းနေရပါတယ်။

ဆိန်းမြစ်ရေ က ဒီတရက် ၂ရက်အတွင်းကျသွားမယ့်ပုံမရှိပဲ တိုးမယ့်ပုံ ရှိနေတယ်လို့လည်း သိရပါတယ်။

ဥရောပအလယ်ပိုင်း နိုင်ငံတွေရေကြီးတဲ့ဒဏ် ခံနေရပြီး ယူကရိန်း၊ ဘယ်လ်ဂျီယံ၊ သြစတြီးယား၊ နယ်သာလန်၊ ပိုလန်၊ ဂျာမဏီ စတဲ့နိုင်ငံတွေ လည်း ထိခိုက်ခံနေရပါတယ်။

အခုပြင်သစ်နိုင်ငံ က သေဆုံးခဲ့ရတဲ့ လူ ၂ ဦးအပါအဝင် ရေကြီးလို့ ဥရောပ တလွှားမှာ သေဆုံးရသူ အနည်းဆုံး ၁၅ ယောက် ရှိသွားပါပြီ။

ပါရီ က မြေအောက်ဘူတာရုံ အနည်းဆုံး ၂ ခုလောက်လည်း ပိတ်ထားရပါပြီ။

အာဏာပိုင်တွေ လည်း သမ္မတရုံးနဲ့ ဝန်ကြီးဌာနရုံးတချို့လိုအပ်ရင် ပြောင်းရ အောင် စပြီး ပြင်ဆင်တဲ့လုပ်ငန်းတွေ ကိုလုပ်နေကြပါတယ်။

ပါရီသူပါရီသားတို့ က ဆိန်းမြစ်ရေတက်လာရင် ဘယ်လောက်ရေကြီးသလဲဆိုတာ ကို အယ်မာ တံတား အောက်မှာ တည်ထားတဲ့ ဇူ ပဲရစ် ခေါ် ရှေးဟောင်း စစ်သားပုံစံ ကျောက်ရုပ် ဘယ်လောက်အထိ မြုပ် သွားပြီလဲ ဆိုတာကို သွားကြည့်ပြီး တိုင်းတာ ကြပါတယ်။

အခုတော့ ရေအတက် က ၆ မီတာ ခွဲ လောက် ရှိပြီဆိုတော့ ကျောက်ရုပ်ထု ရဲ့ ခါးလောက် မြုပ်နေပါပြီ။

၁၉၁၀ ခုနှစ်တုန်းကတော့ ရေက ရုပ်တု ရဲ့ လည်ပင်းလောက် ၈ မီတာ ခွဲကျော်တဲ့ အထိ အမြင့်ဆုံး တက်လာခဲ့ဖူးပါတယ်။

အခု ဆိန်းမြစ် ရေကြီးတာကြောင့် အာမခံကုမ္ပဏီတွေ ပေးလျော်ရမယ့် ငွေကြေးပမာဏ ဟာ ယူရိုငွေသန်း ၆၀၀ ကျော်နိုင်တယ်လို့ခန့်မှန်း ကြပါတယ်။