အော်လန်ဒို ပစ်ခတ် သူက စိတ်ရောဂါရှင်လို့ ဇနီးဟောင်းပြော

ဓာတ်ပုံ မူပိုင် EPA
Image caption IS အဖွဲ့က တိုက်ခိုက်မှုတွေ ကို ကြိုးကိုင် ခဲ့တယ်လို့ ပြော

အမေရိကန် နိုင်ငံ အော်လန်ဒို မြို့မှာ ပစ်ခတ် တိုက်ခိုက်မှု တွေ လုပ်ခဲ့သူဟာ စိတ် ရောဂါ ဝေဒနာတွေကို ခံစားနေရသူ ဖြစ်တယ်လို့ ဇနီးဟောင်း ဖြစ်သူ က ပြောပါတယ်။

အော်လိုဒို မြို့က လိင်တူ ချစ်သူများ ကလပ်မှာ အိုမာ မတင်း က ပစ်ခတ် တိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် အနည်းဆုံး လူ ၅၀ သေဆုံး ခဲ့ရပြီး အများအပြား လည်း အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပါတယ်။

အော်လန်ဒို ပစ်ခတ် တိုက်ခိုက်မှု က အမေရိကန် သမိုင်းမှာ လတ်တလော ဖြစ်ပွား ခဲ့တဲ့ အဆိုးရွားဆုံး ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပါတယ်။

အစ္စလမ်မစ် နိုင်ငံလို့ ခေါ်တဲ့ IS အဖွဲ့က တိုက်ခိုက်မှုတွေ ကို ကြိုးကိုင် ခဲ့တယ်လို့ ပြောပေမေယ့် ဘယ်လောက်အထိ ထဲထဲဝင်ဝင် ပါဝင် ပတ်သက်သလဲ ဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။

အိုမာ မတင်း အလုပ်လုပ်ကိုင် ခဲ့တဲ့ G4S လုံခြုံရေး ကုမ္ပဏီ က သူ့ကို အလုပ်မဝင် ခင် နှစ်ကြိမ်တိုင်တိုင် ကိုယ်ရေးရာဇဝင် နဲ့ နောက်ကြောင်းပြန် စစ်ဆေးမှုတွေ လုပ်ခဲ့ပေမယ့် စိုးရိမ်စရာ အချက်အလက်တွေ ရှာဖွေ တွေ့ ရှိခဲ့ခြင်း မရှိဘူးလို့ ပြောပါတယ်။

အိုလန်ဒို မြို့က နိုက်ကလပ် တစ်ခုမှာ လူတွေ အစုအလိုက် အပြုံလိုက် သေဆုံး စေခဲ့တဲ့ ပစ်ခတ်မှုဟာ အကြမ်းဖက် လုပ်ရပ်၊ အမုန်းတရားကို အခြေခံတဲ့ လုပ်ရပ် ဖြစ်တယ်လို့ သမ္မတ အိုဘားမားက အပြင်းအထန် ရှုတ်ချ ပြောဆို လိုက်ပါတယ်။

ဒီ ဖြစ်ရပ် အပေါ် အမေရိကန် တစ်နိုင်ငံလုံး ဝမ်းနည်း ကြေကွဲရပြီး၊ အားလုံး စုစုစည်းစည်းနဲ့ ပြည်သူတွေကို ကာကွယ် သွားမယ်လို့လည်း သမ္မတ အိုဘားမားက ဆိုပါတယ်။

အခု ဖြစ်ရပ်ကို ကြည့်ရင် အမေရိကန် နိုင်ငံထဲမှာ လူသတ် လက်နက်တွေကို ဘယ်လောက် လွယ်လွယ်ကူကူ ရရှိနေ သလဲ ဆိုတာ ထပ်မံ သတိပေး လိုက်တာပဲလို့ သမ္မတ အိုဘားမားက ထောက်ပြ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ