ထိုင်းဘုန်းကြီးကျောင်းကို ရဲဝင်စီးဖို့ ပြင်

Dhammakaya monastery ဓာတ်ပုံ မူပိုင် EPA
Image caption ဓမ္မကာယကျောင်းတိုက်လမ်းမှာ တပည့်တွေက ပိတ်ဆို့ထား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ချမ်းသာကြွယ်ဝတဲ့ ဘုန်းတော်ကြီးကျောင်းတိုက်က ကျောင်းထိုင်ဆရာတော်ကို ဖမ်းမယ့် အစီအစဉ်ကို ထိုင်းရဲက ရပ်ဆိုင်းလိုက်ရပါတယ်။

ကျောင်းထိုင် ဆရာတော် Phra Dhammajayo ဟာ ငွေကြေး အရှုပ်အရှင်း တွေ ထဲ ပါဝင် ပတ်သက် နေတယ် ဆိုတဲ့ စွဲချက် နဲ့ ရင်ဆိုင် နေရတာ ဖြစ်ပါတယ်။

သက်တော် ၇၂ နှစ် ရှိပြီ ဖြစ်တဲ့ ဆရာတော်က တော့ သူ့အပေါ် စွဲဆို မှုတွေ ကို ငြင်း ဆို ထားပြီး၊ ဒါဟာ ထိုင်း အာဏာပိုင်တွေက နိုင်ငံရေး ကြံရွယ်ချက် နဲ့ ထိုးနှက် တာ ဖြစ်တယ်လို့ မိန့် ထားပါတယ်။

ဓမ္မကာယဘုန်းကြီးကျောင်းဟာ ဝန်ကြီးချုပ် ဟောင်း သက်ဆင်နဲ့ ရှပ်နီ လှုပ်ရှားမှုတွေ နဲ့ အထူး နီးစပ်တယ် ဆိုပြီး ရှုမြင် ခံနေရပါတယ်။

အဲဒီ့ ဘုန်းကြီးကျောင်းဟာ အင်မတန် ကြွယ်ဝပြီး ချမ်းသားတဲ့ တကာတွေ ကိုးကွယ်တယ် လို့ အသိများတဲ့ အပြင်၊ ပင်မ ကျောင်းဆောင်ကို ပန်းကန်ပြားပျံ ပုံစံ ဆောက်ထားတဲ့ ထူးခြားတဲ့ ဗိသုကာ လက်ရာ ကြောင့် လည်း အသိ များပါတယ်။

အခုတော့ ဘုန်းတော်ကြီး ကျောင်းကို ဝတ္ထု ငွေတွေ လှုတာတန်း တာက နေ ၊ ငွေမည်း ဒေါ်လာ သန်းပေါင်း များစွာကို ငွေဖြူ ဖြစ်အောင် လုပ် ခဲ့ကြတယ် ဆိုပြီး အာဏာပိုင်တွေက ယူဆ နေကြတာ ဖြစ်ပါတယ်။

ကျောင်းထိုင် ဘုန်း တော်ကြီး Phra Dhammajayoကို ဖမ်းဆီး ဖို့ ဝရမ်း ထုတ်လိုက်ပြီး၊ ရဲ တပ်ဖွဲ့ဝင်တွေ ကျောင်းထဲကို စီးနင်းဖို့ ရောက်လာ ချိန်မှာတော့၊ ဆရာတော်ရဲ့ နောက်လိုက် ထိုင်း ဘုန်ကြီးတွေ အပါအဝင် ကြည်ညိုသူ တကာတွေ ထောင်ပေါင်းများစွာ စုရုံး လာပြီး၊ ကျောင်းထဲကို ရဲ တွေ မဝင် နိုင် အောင် ဝန်းရံ ပေး ခဲ့ကြပါတယ်။

နောက်ဆုံး အခြေ အနေရတော့ ကျောင်းထဲ ဝင်စီးဖို့ကို ရဲ ဘက်က ဆိုင်း ငံ့ ထားလိုက်တယ် လို့ ဆိုပါတယ်။

ဒါပေမယ့် ထိုင်း အထူး စုံစမ်းရေး ရဲ တပ်ဖွဲ့ရဲ့ ဒုတိယ အကြီးအကဲ Suriya Singhakamol ကတော့၊ စီမံကိန်း တစ်ခုလုံး ကို ရပ်လိုက် တာ မဟုတ်သေးဘူး၊ ဖမ်းဝရမ်း လည်းပဲ တရားဝင် ဖြစ်နေတုန်းပဲ လို့ ပြောပါတယ်။

ဘုန်းကြီး ကျောင်း ရဲ့ ပြောခွင့်ရ သံဃာ တစ်ပါး ကတော့ သူတို့ဘက်က ရဲတပ်ဖွဲ့ နဲ့ အတူ ပူးပေါင်း ဆောင်ရွက်မယ်၊ ဒါပေမယ့် တချို့ တကာတွေ ရဲ့ အပြုအမူ တွေကိုတော့ သူတို့ မထိန်း နိုင်ဘူး လို့ ဆိုပါတယ်။

ကျောင်းထိုင် ဆရာတော် Phra Dhammajayo ကို ငွေကြေး အရှုပ်အရှင်း စွဲချက် တွေ နဲ့ လာရောက် အစစ် ခံဖို့ ထိုင်း အာဏာပိုင်တွေ ဘက်က အကြိမ်ရ တော်တော် များများ ဆသင့် ခေါ် ခဲ့ပေမယ့် မလိုက်နာ ခဲ့တဲ့ အတွက်၊ နောက်ဆုံး ဘုန်းကြီးကျောင်းထဲ ဝင်စီးနင်းဖို့ အခုလို စိုင်းပြင်း လာတာ ဖြစ်ပါတယ်။

Dhammakaya ကျောင်း ကို ကြည်ညိုသူတွေ ပြောနေတာကတော့ ဆရာတော်ဟာ အတော် လေး နာမကျန်း ဖြစ်နေတယ်၊ ဒါ့အပြင် တရားတဘောင် ရင်ဆိုင်ဖို့ ဆိုရင်လည်း ထိုင်းနိုင်ငံ မှာ ဒီမိုကရေစီ ပြန်လည် တည်ဆောက် နိုင်မှ ဖြစ်မယ် ဆိုပြီး ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ