ဂျပန် က အမေရိကန် စစ်စခန်းတွေ ရုပ်သိမ်းဖို့ ဆန္ဒပြ

ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုရဲ့အဓိကကျတဲ့အစီအစဉ်တခုလည်းဖြစ်

ဂျပန် နိုင်ငံ အိုကီနာဝါ ကျွန်းပေါ်မှာ အမေရိကန် စစ်အခြေစိုက် စခန်း ဖွင့်လှစ် ထားမှု ကို ထောင်နဲ့ချီတဲ့ ဂျပန် လူမျိုးတွေက ဆန့်ကျင် ဆန္ဒပြနေကြပါတယ်။

ပြီးခဲ့တဲ့ ရက်တွေက ဒေသခံ မိန်းမပျို တစ်ဦး မုဒိန်း ကျင့် သတ်ဖြတ် ခံရပြီးနောက်မှာ အခုလို ဆန့်ကျင် ကန့်ကွက်မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဂျပန် အမျိုးသမီးငယ် တစ်ဦး ကို သတ်ဖြတ် ခဲ့သူ က အိုကီနာဝါမှာ အခြေချ နေထိုင် နေတဲ့ အမေရိကန် စစ်သားဟောင်း တစ်ယောက် ဖြစ်ကြောင်း စွတ်စွဲ ပြောကြား မှုတွေ ရှိနေပါတယ်။

ဆန္ဒပြ တောင်းဆို နေသူတွေက အိုကီနာဝါ ကျွန်းမှာ ရှိတဲ့ အမေရိကန် စစ်အခြေစိုက် စခန်း ရုပ်သိမ်း ပေးဖို့ ပြောကြားနေကြတာ ဖြစ်ပါတယ်။

ဂျပန် နဲ့ အမေရိကန် အစိုးရ တွေကတော့ အိုကီနာဝါ ကျွန်းက စစ်အခြေစိုက် စခန်းဟာ ဒေသတွင်း လုံခြုံရေး အတွက် အချက်အချာ ကျကြောင်း ပြောကြား နေပါတယ်။

အခုဖြစ်ပွားတဲ့အမှုဟာ အချိန်အတော်ကြာကတဲက အမေရိကန်စစ်စခန်းတွေကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုကိုပိုကြီးထွားစေပါတယ်။ အခုတော့ ဒီကျွန်းပေါ်က အမေရိကန်စစ်သားတွေ ရွှေ့ပြောင်းရေးကို တောင်းဆိုတဲ့အဆင့်အထိဖြစ်လာပါတယ်။ အိုကီနာဝါကျွန်းပေါ်မှာအမေရိကန်စစ်သားပေါင်း ၂၆၀၀၀ ရှိပါတယ်။

သူတိုဟာကျွန်းရဲ့၅ပုံတပုံလောက်ကိုနေရာယူထားတဲ့စခန်းတွေမှာ နေထိုင်အလုပ်လုပ်ကြပါတယ်။ ဒါဟာဂျပန် အမေရိကန် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုရဲ့အဓိကကျတဲ့အစီအစဉ်တခုလည်းဖြစ်ပါတယ်။

ဒီကနေ့လုပ်တဲ့ဆန္ဒပြပွဲမှာ အသတ်ခံရသူ ရီနာ ရှင်မဘူကူရို အတွက် တမိနစ်ဝမ်းနည်းတဲ့အထိမ်းအမှတ်နဲ့ငြိမ်သက်နေကြပြီး ဖခင်ဖြစ်သူပေးပို့တဲ့သတင်းစကားကိုဖတ်ကြားပါတယ်။

အလားတူပဲ တိုကျို က ဂျပန်ပါလီမန် ရှေ့မှာလည်း ဆန္ဒပြပွဲတွေတပြိုင်ထဲပြုလုပ်ပါတယ်။ ဆန္ဒပြသူတွေကကျွန်းလယ်မှာရှိတဲ့အမေရိကန်မရိန်းတပ်သားစခန်းကို ဒီထက်ဝေးထက်ကျွန်းပေါ်ပြောင်းဖို့ အမေရိကန်နဲဂျပန်အစိုးရတို့ရဲ့အစီအစဉ်ဖျက်သိမ်းပေးဖို့တောင်းဆိုနေပါတယ်။

အိုကီနာဝါ အုပ်ချုပ်ရေးမှူး က အခုလိုဖြစ်ရပ်ဆိုးမျိုးနောက်မဖြစ်ဖို့လွန်ခဲ့တဲ့၂၁နှစ်ကလည်းတောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အကာအကွယ်ပေးဖို့နိုင်ငံရေး စနစ်ကိုမပြောင်းနိုင်လို့မအောင်မြင်ခဲ့ဘူး။ ဒါဟာနိုင်ငံရေးသမားတယောက်အနေနဲ့ရော အုပ်ချုပ်ရေးမှူးတယောက်အနေနဲ့ပါ နောင်တရမိလို့စိတ်မကောင်းကြောင်းပြောချင်ပါတယ်လို့ ဆိုပါတယ်။

၁၉၉၅ခုနှစ်တုန်းကလည်း၁၂နှစ်သမီးလေးကို အဓမ္မပြုကျင့်မှုကြောင့်စခန်းကိုရွှေ့ပြောင်းဖို့ ပြဿနာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်ဆန့်ကျင်မှုတွေ ဥပဒေကိစ္စတွေကြောင့်နှောင့်နှေးခဲ့ရပါတယ်။ အသက်၃၂နှစ်အရွယ် အမေရိကန်အရပ်သားတယောက်ကို မစ္စရီနာသေဆုံးမှုနဲ့ဆက်စပ်ပြီးပြီးခဲ့တဲ့လကဖမ်းဆီးထားပါတယ်။

အိုကီနာဝါကျွန်းဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမေရိကန်တို့ရဲ့ထိန်းချုပ်မှုအောက်ရောက်နေတာ ၂၇နှစ်ရှိသွားပြီဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ