နှစ်၅၀ ကြာ ကိုလံဘီယာ ပြည်တွင်းစစ် ရပ်စဲ

ဓာတ်ပုံ မူပိုင် columbia
Image caption ပဋိပက္ခ တိုက်ပွဲတွေအတွင်း လူ၂သိန်းကျော် သေဆုံးခဲ့ရပြီး လူ၇သန်းလောက် အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရ

ကိုလံဘီယာနိုင်ငံမှာ အစိုးရနဲ့ FARC သူပုန်အဖွဲ့အကြား နှစ်ပေါင်း ၅၀ကြာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့အပြီး အခုအခါ ပူးတွဲ အပစ်အခတ် ရပ်စဲဖို့ သဘောတူလိုက်ကြပြီ ဖြစ်ပါတယ်။

အဲဒီ ပဋိပက္ခ တိုက်ပွဲတွေအတွင်း လူ၂သိန်းကျော် သေဆုံးခဲ့ရပြီး လူ၇သန်းလောက် အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

ကျူးဘားနိုင်ငံ ဟာဗားနားမြို့တော်မှာ ၃နှစ်ကြာ လုပ်ခဲ့ရတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အဆုံးသတ်ခါနီးမှာ အခုလို သဘောတူလိုက်ကြတာပါ။ အသေးစိတ်ကို ဒီကနေ့ ထုတ်ဖော် ကြေညာဖို့ ရှိပါတယ်။

အစိုးရနဲ့ FARC လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ အကြား နှစ်ဦး နှစ်ဘက် အပစ်အခတ် ရပ်စဲဖို့ ၊ လက်နက်ကိုင်တွေဘက်က လက်နက်တွေ စွန့်လွှတ်ဖို့၊ ဂိုဏ်းဖွဲ့ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို နှိမ်နင်း တိုက်ဖျက်သွားဖို့ စတာတွေနဲ့ ပတ်သက်လို့ သဘောတူချက် အောင်မြင်စွာ ရခဲ့ကြပြီ ဆိုတာကို ပြည်သူတွေကို အသိပေးလိုပါတယ်လို့ ကိုလံဘီယာ အစိုးရ ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။

ငြိမ်းချမ်းရေး ကြားဝင်ညှိနှိုင်းပေးနေသူတွေအနေနဲ့ အခုအခါ အပြီးသတ် ငြိမ်းချမ်းရေး သဘောတူချက်တခု ရရေးမှာ အကြီးဆုံး အနှောင့်အတားကြီးတခုကို ကျော်လွှားနိုင်ခဲ့ပြီလို့ ဆိုရမှာပါ။

နှစ်ဘက်အကြား အဓိက စအငြင်းပွားခဲ့ကြတဲ့ ကိစ္စရပ်တွေက လယ်ယာမြေ ပြန်လည် ခွဲဝေပေးရေးနဲ့ တောင်သူလယ်သမား အခွင့်အရေးကိစ္စတွေ ဖြစ်ပါတယ်။

အဲဒီကနေတဆင့် နှစ်တွေ ကြာလာတာနဲ့အမျှ မူးယစ် မှောင်ခိုတွေရဲ့ ငွေကြေး အထောက်အပံ့ ရနေတဲ့ သူပုန်အဖွဲ့နဲ့ အမေရိကန် အစိုးရရဲ့ ထောက်ခံအားပေးမှုနဲ့ အင်အားကြီးလာတဲ့ ကိုလံဘီယာ စစ်တပ်အကြား ရက်စက် ပြင်းထန်တဲ့ ပဋိပက္ခ တိုက်ပွဲတွေ ရာစု တဝက်ကြာ ဖြစ်ပွားခဲ့တာပါ။

အခုတော့ ကျေးလက်ဒေသ ပြုပြင်ပြောင်းလဲရေး၊ တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှုတိုက်ဖျက်ရေး၊ လက်နက်ကိုင် သူပုန်တွေ နိုင်ငံရေး လောကထဲ ပါဝင်နိုင်ရေးနဲ့ စစ်ပွဲကာလအတွင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ဘယ်လို ကိုင်တွယ် အရေးယူမလဲ ဆိုတာတွေနဲ့ ပတ်သက်လို့ နှစ်ဘက်အကြား သဘောတူချက် ရထားပြီး ဖြစ်ပါတယ်။

ထာဝစဉ် တည်တန့်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူချက်တခု ရလာနိုင်ရေး လမ်းဖွင့်ပေးဖို့အတွက် နှစ်ဘက်စလုံးအနေနဲ့ လက်နက်တွေ အသုံးပြု တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့ သူတို့ကိုယ်တိုင် အခု ဒီ သဘောတူချက်ထဲမှာ ကတိပြုထားကြပါတယ်။

FARC သူပုန်အဖွဲ့ဘက်က တဘက်သတ် အပစ်ရပ်မယ်လို့ ကြေညာခဲ့အပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ သိသိသာသာ လျော့ကျသွားခဲ့အပြီး တနှစ်နီးပါး အကြာမှာ အခု ဒီသဘောတူချက် ရခဲ့တာ ဖြစ်ပါတယ်။

သူပုန်စခန်းတွေကို အစိုးရက လေကြောင်းကနေ တိုက်ခိုက်နေတာတွေကို ရပ်ဆိုင်းပေးခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လျှော့ချပေးခဲ့အပြီးမှာ FARC သူပုန်တွေဘက်က တဘက်သတ် အပစ်ရပ်ခဲ့တာပါ။

ကိုလမ်ဘီယာ နိုင်ငံထဲမှာ ရန်သူတွေ အများအပြား ရှိနေတဲ့ FARC သူပုန်တွေအနေနဲ့ ဒီသဘောတူချက်အရ လက်နက် စွန့်လွှတ်ရတော့မှာ ဖြစ်တာမို့ အဲဒီ ရန်သူတွေရဲ့ အန္တရာယ်ကနေ အကာအကွယ်ပေးဖို့ အစိုးရ လုံခြုံရေးတပ်တွေကိုပဲ အခုအခါ အားကိုးရတော့မှာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် Natalio Cosoy က ဘိုကိုတာ မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ