အစ္စရေးနဲ့ တူရကီ ဆက်ဆံရေး ပြန်လည် ထူထောင်

israel_turkey
Image caption နှစ်နိုင်ငံ ရင်ကြားစေ့ရေး သဘောတူမှု ရရှိ လာ။

အစ္စရေးနဲ့ တူရကီ နှစ်နိုင်ငံကြား ပျက်ယွင်းနေခဲ့တဲ့ ဆက်ဆံရေးကို ပုံမှန် ပြန်လည် ထူထောင်ဖို့ သဘော တူညီချက် ရရှိ လာပါတယ်။

ဂါဇာက ပါလက်စတိုင်းတွေ အတွက် ထောက်ပံ့ရေး ပစ္စည်းတွေ သယ်ဆောင်လာတဲ့ တူရကီပိုင် သင်္ဘောကို အစ္စရေး ရေတပ်က ဝင်ရောက်စီးနီးမှု ဖြစ်ပေါ်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆ နှစ်က စလို့ နှစ်နိုင်ငံကြား ဆက်ဆံရေး ပျက်ယွင်းခဲ့တာ ဖြစ်ပါတယ်။

လက်နက်တွေ တင်ဆောင် လာသလား ဆိုတာ စစ်ဆေးနိုင်ဖို့ သင်္ဘောပေါ် တက်ရောက်ခဲ့ရတာ ဆိုပြီး အစ္စရေးက အဲဒီ့ အချိန်တုန်းက အကြောင်းပြခဲ့ပါတယ်။

ပိတ်ဆို့ခံ ထားရတဲ့ ဂါဇာ ဒေသဆီ လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ဖို့ သွားခဲ့တဲ့ တူရကီ သင်္ဘောပေါ်က လှုပ်ရှား တက်ကြွသူ ၉ ဦးဟာ အစ္စရေးတို့ စီးနင်းမှု အတွင်း သေဆုံး ခဲ့ရပါတယ်။

အခု အခါမှာတော့ နှစ်နိုင်ငံ ရင်ကြားစေ့ရေး သဘောတူမှု ရရှိ လာပြီး အသေးစိတ် အစီအစဉ်တွေကို ဇွန်လ ၂၇ ရက် တနင်္လာနေ့မှာ ထုတ်ဖော် ပြောဆိုမယ်လို့ နှစ်ဘက် တာဝန် ရှိသူတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ