တူရကီလေဆိပ် အတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ များပြား

turkey_airport_attack ဓာတ်ပုံ မူပိုင် AP
Image caption Istanbul လေဆိပ်မှာ ပစ်ခတ်ဖေါက်ခွဲမှုဖြစ်ပွား

ဇွန်လ၂ဂ ရက် ညနေပိုင်း က တူရကီနိုင်ငံ အစ္စတန်ဘူးလ်မြို့တော်ရဲ့ အာ့တာတခ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဗုံးခွဲတိုက်ခိုက်မှု နဲ့ ပစ်ခတ်မှု ဖြစ်ပွားတဲ့ အတွက် လူပေါင်း အနည်းဆုံး ၃၆ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာ ရကြ ပါတယ်။ အသေခံ ဗုံးခွဲသမားတွေရဲ့ လက်ချက် လို့ ပြောကြပါတယ်။ ရဲ အဖွဲ့ဝင်တွေ ဘက်ကလည်း မသင်္ကာဖွယ် သေနတ်သမား တွေ ထွက်ပေါက် အဖြစ်ယူဆတဲ့ အဝင်ပေါက်ဝတွေ ကို ပစ်ခတ်မှု တွေ ပြုတဲ့ အတွက် လေဆိပ်မှာ သေနတ်သံတွေ ဖုံးလွှမ်းကုန်တဲ့ အကြောင်း ခရီးသည်တွေ က ပြောပါတယ်။ ဒဏ်ရာရသူ တွေ ကို သူနာတင်ကား ကိုပင် မစောင့် နိုင်ကြ ပဲ လေဆိပ်ရှိ တက်ဆီ အငှားကားတွေ နဲ့ အလျင်အမြန် ပို့ကြ ပါတယ်။ နောက် မှ သူနာတင် ယာဉ်တွေ ရောက်လာပါတယ်။

အခုလို အပြည်ပြည်ဆိုင်ရာ လေဆိပ် ကို ဝင်ပြီး ဖေါက်ခွဲ တိုက်ခိုက်တယ် ဆိုကတည်း က လုံခြုံရေး စည်းပေါက်တယ် လို့ သတင်းမီဒီယာ တွေ က ဖေါ်ပြ နေကြ ပါတယ်။ ခရီးသည်တွေ ဟာ လည်း ကဆင့်ကလျား ပြေးလွှားကြယင်း လေဆိပ်ထဲမှာ ဘေးလွတ်ရာ ရှာဖွေ ပုန်းအောင်း ကြတဲ့ အကြောင်း၊ ထွက်ပေါ်လာတဲ့ သတင်းတွေ အရ အသေခံ ဖေါက်ခွဲရေး သမားသုံးဦး လို့ ယူဆကြပြီး ရုရှလုပ် ကလက်ရှ်နီကောဗ် ရိုင်ဖယ် နဲ့ အဆက်မပြတ် ပစ်ခတ်ကြောင်း သိရပါတယ်။ လေယာဉ်အတက်အဆင်း တွေ လည်းချက်ချင်း ရပ်ဆိုင်း လိုက်ပါတယ်။

တရားရေးဝန်ကြီး ဘက်ကီယား ဘော့စ်ဒါ ကတော့ သူကြားရတဲ့ သတင်းအရ အကြမ်းဖက်သမားတွေ ဟာ လေဆိပ် ခရီးသည် ဝင်ပေါက် က ဝင်လာပြီး ရိုင်ဖယ်သေနတ်နဲ့ လည်း ဝှေ့ယမ်း ပစ်ခတ်ပြီး သူတို့ကိုယ် သူတို့ပါ အသေခံ ဗုံးဖေါက်ခွဲလိုက်တဲ့ အကြောင်း ပြောပါတယ်။

ဒီဖေါက်ခွဲ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ ရဲ့ လက်ချက်ပါ ဆိုပါ ဆိုတာ ကို ထုတ်မပြောကြသေး ပါဘူး။ အစ္စတန်ဘူးလ်မြို့တော်မှာ နေထိုင်တဲ့ လေ့လာအကဲခတ် စာရေးဆရာ ဂဲရက်သ် ဂျဲန်းကင်းစ် ကတော့ ဘယ်သူဘယ်ဝါ့ လက်ချက် လို့ ထုတ်မပြောကြ သေးပေမဲ့ ဖြစ်နိုင်ခြေ မသင်္ကာဖွယ် အုပ်စု ကတော့ အိုင်စစ် နဲ့ ပီကေကေ ကားဒစ်ရှ် ခွဲထွက်ရေးအုပ်စု ပဲ လို့ ဆိုနိုင်တယ် လို့ ပြောပါတယ်။ တိုက်ခိုက်ပုံ ကို ကြည့်မယ် ဆိုရင် ပီကေကေ ဖြစ်ဖို့ထက် IS အစ္စလာမစ်နိုင်ငံအဖွဲ့ လက်ချက် နဲ့ ပိုပြီး နီးစပ်တဲ့ အကြောင်း၊ ဒါပေမဲ့ နောက်ထပ် အတည်ပြုချက် မရမချင်း ဘယ်အဖွဲ့ ဆိုတာ ကို တပ်အပ် ပြောလို့ မရသေးပါဘူး လို့ ပြောပါတယ်။

တကယ်တော့ ဒီလေဆိပ်ဟာ လုံခြုံရေး အထပ်ထပ် စစ်ပြီးမှာ လေဆိပ် အတွင်းပိုင်းဆီ ကို ခရီးသည်တွေ ဝင်ခွင့်ရတာပါ။ ခရီးသည်တွေ ရဲ့ သေတ္တာ တွေ ခရီးဆောင်အိတ်တွေ ကိုလည်း အခါခါ စစ်ဆေးမှု ပြုတာပါ။ ဒါကြောင့်မို့လည်း အကြမ်းဖက်သမားတွေ ဟာ လေဆိပ် အတွင်းပိုင်း ကို ဝင်ဖို့ ခဲယဉ်းတဲ့ အတွက် ဝင်ပေါက် အနီးမှာတင် ပစ်ခတ် တိုက်ခိုက်မှု ပြုပုံ ရတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် က ပြောပါတယ်။