အကြမ်းဖက် ခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဝမ်းနည်းဖွယ် နှစ်ရက် ကြေညာ

_bangladesh_attack_mourning_da
Image caption ကိုရ်အန် ထဲက စာသားတွေကို မရွတ် ဆို နိုင်ကြသူတွေကို လက်နက်ကိုင်တွေက နှိပ်စက် သတ်ဖြတ်ခဲ့။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ကဖေးဆိုင် တစ်ခုကို အစ္စလာမ်မစ် လက်နက်ကိုင်တွေ တိုက်ခိုက် ခဲ့လို့ နိုင်ငံခြားသား အများစု အပါအဝင် လူတွေ အများအပြား သေဆုံး ခဲ့ရတဲ့ အတွက် ၊ အခုဆိုရင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာက နိုင်ငံတဝှမ်း ဝမ်းနည်း ပူဆွေးဖွယ်နေ့ အဖြစ် ၂ ရက် သတ်မှတ် ကြေညာ ထားပါတယ်။

သေဆုံး ခဲ့ရတဲ့ လူ အယောက် ၂၀ ထဲ အီတလီ နိုင်ငံသား ၉ ယောက်နဲ့ ဂျပန် နိုင်ငံသား ၇ ယောက် ပါဝင် ပါတယ်။

အမေရိကန် နိုင်ငံသား တစ်ဦးလည်း အသက် ဆုံးရှုံးခဲ့တယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဌာနက သတင်း ထုတ်ပြန်ပါတယ်။

ကဖေးဆိုင်ကို သေနတ် သမားတွေ ဝင်ရောက် စီးနင်းပြီး ဓားစာခံ အယောက် ၃၀ ကျော်ကို ဖမ်းဆီး ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့ အတောအတွင်း အစ္စလာမ် ဘာသာရေး ကျမ်းစာ ဖြစ်တဲ့ ကိုရ်အန် ထဲက စာသားတွေကို မရွတ် ဆို နိုင်ကြသူတွေကို လက်နက်ကိုင်တွေက နှိပ်စက် သတ်ဖြတ် ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

အဲ့ဒီဆိုင်ထဲ ဘင်္ဂလားဒေ့ရှ် ကွန်မန်ဒို စစ်သားတွေ ဝင်ရောက် စီးနင်း ခဲ့တာမှာ သေနတ် သမား ၆ ယောက်ကို သတ်ဖြတ် နိုင်ခဲ့ပြီး၊ အသက်ရှင် ကျန်ရစ်သူ ဓားစာခံ ၁၃ ယောက်ကို ကယ်တင် နိုင်ခဲ့ ပါတယ်။

ဘင်္ဂလားဒေ့ရှ် ကဖေးဆိုင် တိုက်ခိုက်မှုကို သူတို့ ပြုလုပ် ခဲ့တာလို့ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS က ပြောထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ