အီရတ်ကို စစ်တိုက်ခဲ့တဲ့ အပေါ် တိုနီဘလဲ ကာကွယ်ပြောဆို

ormer_prime_minister_tony_blair ဓာတ်ပုံ မူပိုင်
Image caption တိုင်းပြည်ကို လှည့်ဖြားပြီး စစ်ထဲ ဆွဲသွင်း ခဲ့တာ မဟုတ်ဘူး လို့ မစ္စတာ ဘလဲ က ဆို။

၂ဝဝ၃ ခုနှစ် တုန်းက ဗြိတိန် အနေနဲ့ အမေရိကန်နဲ့ လက်တွဲပြီး အီရတ် နိုင်ငံနဲ့ စစ်ခင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ အပေါ် အသေးစိတ် ဝေဖန် ဆန်းစစ် သုံးသပ်ထားတဲ့ အစီရင်ခံစာ ထွက်ပေါ် လာခဲ့တဲ့နောက်၊ အဲဒီ့ အချိန်တုန်းက ဗြိတိသျှ ဝန်ကြီးချုပ် ဖြစ်တဲ့ တိုနီဘလဲ က သူ့ရဲ့ ဆုံးဖြတ်ချက် နဲ့ စပ်လျဉ်းပြီး ခုခံ ကာကွယ် ပြောဆို ခဲ့ပါတယ်။

သူ့ အနေနဲ့ တိုင်းပြည်ကို လှည့်ဖြားပြီး စစ်ထဲ ဆွဲသွင်း ခဲ့တာ မဟုတ်ဘူး လို့ မစ္စတာ ဘလဲ က ဆိုပါတယ်။

အီရတ် စစ်ပွဲ အတွင်း သေဆုံးခဲ့ရ သူတွေရဲ့ ကျန်ရစ်သူ မိသားစု တွေ ကို ဝမ်းနည်း စကား ပြောခဲ့ ပေမယ့် အီရတ် ခေါင်းဆောင် ဆဒမ် ဟူစိန်ကို ဖြုတ်ချ ခဲ့တာဟာ မှန်ကန်တယ်လို့ အခု အချိန်ထိ ယုံကြည်ဆဲ ဖြစ်တယ် ဆိုပြီး မစ္စတာ ဘလဲက ပြောပါတယ်။

ဆာဂျွန် ချေးလ်ကော့ထ် ဦးဆောင် ပြီး ပြုစုတဲ့ အဲဒီ့ အစီရင်ခံစာဟာ ဘာ့ကြောင့် စစ်ပွဲ တစ်ခုထဲ ပါဝင် ရသလဲ ဆိုတဲ့ ဗြိတိသျှ အစိုးရရဲ့ ဆုံးဖြတ်ချက် အပေါ် အသေးစိတ် အကျဆုံး ဝေဖန် သုံးသပ် ထားတဲ့ အစီရင်ခံစာ တစ်စောင်ပဲ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty
Image caption ဆဒမ်ဟူစိန် ကြောင့် ချက်ခြင်း လက်ငင်း ဆိုသလို ကျရောက် နိုင်တဲ့ အန္တရာယ်မျိုး မရှိခဲ့။

ထောက်လှမ်းရေး သတင်း အမှားအယွင်းတွေ အပေါ် အခြေခံပြီး စစ်တိုက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ အစီရင်ခံစာက ကောက်ချက် ချ ခဲ့ပါတယ်။

ဒါ့အပြင်၊ အစိုးရ ကက်ဘိနက် ထဲမှာတောင် သေသေချာချာ မဆွေးနွေးပဲ စစ်တိုက်ခဲ့တာ ဖြစ်တယ်လို့ အစီရင်ခံစာ က ဆိုပါတယ်။

အဲဒီ့ အချိန်က အီရတ် အစိုးရ ခေါင်းဆောင် ဖြစ်တဲ့ ဆဒမ်ဟူစိန် ကြောင့် ချက်ခြင်း လက်ငင်း ဆိုသလို ကျရောက် နိုင်တဲ့ အန္တရာယ်မျိုး မရှိတဲ့ အပြင်၊ ဆဒမ်ဟူစိန် အစိုးရရဲ့ လက်နက်တွေကို ငြိမ်ငြိမ်းချမ်းချမ်း နဲ့ ဖြုတ်သိမ်း နိုင်တဲ့ နည်းလမ်းတွေ အားလုံးကိုလည်း မစမ်းသပ် ကြည့်ပဲနဲ့ စစ်ရေး အရ ဖြေရှင်း ခဲ့တာ ဖြစ်တယ်လို့ အစီရင်ခံစာ မှာ ရေးသား ထားပါတယ်။

ဒါ့အပြင် နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ အရှေ့အလယ်ပိုင်း ဒေသ အရေး နဲ့ ပတ်သက်တဲ့ သတိပေးမှု တွေကို လျစ်လျူရှုခဲ့တဲ့ အပြင်၊ စစ်ခင်းပြီး ဘာဆက်လုပ် မလဲ ဆိုတဲ့ အစီအစဉ်ဟာလည်း ပြည့်စုံ လုံလောက်မှု မရှိဘူးလို့ အစီရင်ခံစာက ဝေဖန် ထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဆဒမ်ဟူစိန် မရှိတဲ့ ကမ္ဘာကြီးက ပိုကောင်းမွန်တယ်လို့ ဘွတ်ရှ် ဆက်လက် ယုံကြည်။

တခါ၊ တိုနီဘလဲ နဲ့ လက်တွဲပြီး အီရတ်ကို စစ်တိုက်ခဲ့တဲ့ အဲဒီ့ အချိန်က အမေရိကန် သမ္မတ ဂျော့ချ် ဒဗယ်ယူ ဘွတ်ရှ် ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ကလည်း၊ မစ္စတာ ဘွတ်ရှ် အနေနဲ့ အီရတ် စစ်ပွဲ နဲ့ ပတ်သက်ပြီး ထောက်လှမ်းရေး သတင်း အမှားအယွင်း အပြင် တခြား အပြစ် အနာဆာ တွေ ရှိခဲ့တယ် ဆိုတဲ့ အချက်အပေါ် အသိအမှတ် ပြုခဲ့ပြီး ဖြစ်တယ်၊ ဒါပေမယ့် ဆဒမ်ဟူစိန် မရှိတဲ့ ကမ္ဘာကြီးက ပိုကောင်းမွန်တယ်လို့ ဆက်လက် ယုံကြည်ဆဲပဲ လို့ ပြောပါတယ်။

လက်ရှိ ဗြိတိသျှ အစိုးရ ဘက်ကတော့ ဒီ ချေးလ်ကော့ထ် စုံစမ်းရေး အစီရင်ခံစာ အပေါ် တရားဝင် မှတ်ချက်ပေး တုံ့ပြန် တာမျိုး မရှိ သေးပါဘူး။

အီရတ် နိုင်ငံထဲမှာလည်း လောလောဆယ်မှာတော့ ရာမဒန် ဥပုသ်လ ပြီးဆုံးတဲ့ ပွဲ အပေါ် အာရုံ စိုက် နေကြပြီး၊ ချေးလ်ကော့ထ် အစီရင်ခံစာ အပေါ် ထူးထူး ခြားခြား အလေးစိုက်တဲ့ ပုံ မတွေ့ရ ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ