အစိုးရ ထိပ်တန်း အရာရှိတွေ ကြားဝင်ပေမယ့် ပန်ဒါ အလုပ်သမားရေး မပြေလည်

_panda_factory_workers_protest
Image caption ထိပ်တန်း အရာရှိတွေ ကြားဝင် ဖြေရှင်း ခဲ့ပေမယ့် သဘောတူမှု မရရှိခဲ့။

အလုပ်သမား သပိတ် ဖြစ်ပေါ် နေတာ တစ်လ ကျော် ကြာနေပြီ ဖြစ်တဲ့ ပလိပ်မြို့ ပန်ဒါ အထည်စက်ရုံ က အလုပ်ရှင် အလုပ်သမား ကြား ပြဿနာကို အစိုးရ ထိပ်တန်း အရာရှိတွေ ကြားဝင် ဖြေရှင်း ခဲ့ပေမယ့် သဘောတူမှု မရရှိ ခဲ့ကြ ပါဘူး။

အစိုးရ ဝန်ထမ်း ရပိုင်ခွင့် တွေ အတိုင်း ရရှိဖို့ အလုပ် သမားတွေ ရဲ့ တောင်းဆိုမှု ကို အလုပ်ရှင် တွေ ဘက်က မလိုက် လျော နိုင် ဖြစ်နေတာပါ။

အရင်တုန်းက အစိုးရပိုင် စက်မှု ၁ လက်အောက် မှာ ရှိတဲ့ အမှတ် ၂ အထည်စက်ရုံ ကို ပန်ဒါ ကုမ္ပဏီက အနှစ် ၃၀ ငှားရမ်း ပြီး လုပ်ကိုင် နေတာ ဖြစ်ပါတယ်။

ဒီလို ပုဂ္ဂလိက လုပ်ငန်း အဖြစ် အလွှဲအပြောင်း အချိန်တုန်းက လျော်ကြေး ပင်စင် ရရှိ ပြီး ဖြစ်တဲ့ အတွက် စက်ရုံ အလုပ်သမား တွေကို အစိုးရ ဝန်ထမ်း တွေ အတိုင်း အခွင့်အရေး တွေ ပေး စရာ မလိုအပ် ဘူး ဆိုပြီး ကုမ္ပဏီ ဘက်က ဘီဘီစီ ကို ပြောပါတယ်။

တခါ၊ အလုပ်သမားတွေ ဘက်က လည်း အစိုးရနဲ့ ပန်ဒါ တို့ ချုပ် ခဲ့တဲ့ လုပ်ငန်း လွှဲပြောင်းစာချုပ် ထဲမှာကို အတူ လိုက်ပါ လာတဲ့ ဝန်ထမ်း တွေကို မူလ အခွင့်အရေး များ အတိုင်း ပေးရမယ် ဆိုတဲ့ အချက် ပါဝင် နှင့်ပြီး ဖြစ်တယ်လို့ ထောက်ပြ နေကြပါတယ်။

ဇူလိုင်လ ၉ ရက်နေ့ က ညှိနှိုင်း ပွဲမှာတော့ အလုပ်သမား ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမျိုးအောင်နဲ့ စက်မှု ဝန်ကြီးဌာန ဦးဆောင် ညွှန်ကြားရေးမှူး ဒေါက်တာစိုးလှိုင်တို့ ရှိ နေခဲ့ကြ ပေမယ့် လည်း ပြေလည် မှု တစုံတရာ မရရှိပဲ ပြီးဆုံး ခဲ့ပါတယ်။

အလုပ်သမား အခွင့်အရေး တောင်းဆိုမှုကြောင့် အစောပိုင်း က အလုပ် ဖြုတ် ခံထားရတဲ့ အလုပ်သမား ၂၂ ယောက် အလုပ် ပြန်ခန့်ရေး ကိုလည်း အလုပ်ရှင် ဘက်က သဘော မတူ တဲ့ အတွက် အလုပ်သမား တွေဘက်က သပိတ် ဆက်လက် မှောက် နေကြဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ