လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ်ဖို့ တရုတ် ပြော

ဓာတ်ပုံ မူပိုင် EPA
Image caption ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ် အတွင်း တရုတ်ရဲ့ နယ်မြေ တည်ဆောက်မှုတွေက အိမ်နီးချင်း နိုင်ငံတွေကို ဒေါသဖြစ်စေခဲ့။

တောင်တရုတ် ပင်လယ်ပြင်မှာ တရုတ် အနေနဲ့ ရေပြင် နယ်နိမိတ် ပိုင်ဆိုင်ခွင့် မရှိကြောင်း နိုင်ငံတကာ တရားရုံးက ဆုံးဖြတ်ခဲ့ပြီး တစ်ရက် အကြာမှာပဲ တရုတ် အကြီးတန်း အရာရှိ တစ်ဦးက အဲဒီ ရေပြင်မှာ တရုတ် အနေနဲ့ လေကြောင်း ကာကွယ်ရေး ဇုန် သတ်မှတ် နိုင်ခွင့် ရှိတယ်လို့ ပြောလိုက်ပါတယ်။

အင်္ဂါနေ့ကပဲ သည်ဟိတ်မြို့ နိုင်ငံတကာ တရားရုံးက တရုတ် အနေနဲ့ အဲဒီ ရေပြင်မှာ ပိုင်ဆိုင်ခွင့် သမိုင်းကြောင်း အစဉ်အလာ မရှိကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး၊ ဒီကနေ့မှာ တရုတ် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက အခုလို ပြောလိုက် တာပါ။

အဲဒီလို လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ်မယ် ဆိုရင် အဲဒီ ဒေသကို ဖြတ်ပျံမယ့် လေယာဉ်တွေ အားလုံး တရုတ် အစိုးရ ဆီက ခွင့်ပြုချက် တောင်းခံရဖွယ် ရှိပါတယ်။

တစ်ချိန်တည်းမှာပဲ တရုတ် ထိန်းချုပ်ထားတဲ့ အဲဒီ ရေပြင်ထဲက ကျွန်းတွေဆီကို ဘေဂျင်းက အရပ်ဘက် လေယာဉ် နှစ်စီးကို ပို့လွှတ် ခဲ့ပါတယ်။

ဒါဟာ တရုတ် အစိုးရ အနေနဲ့ နိုင်ငံတကာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ဂရုမစိုက်ဘဲ သူတို့ရဲ့ ရပ်တည်ချက်အတိုင်း ဆက်လုပ် သွားမယ် ဆိုတာကို ဖော်ပြရာ ရောက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ