ယူကရိန်း အရှေ့ပိုင်းမှာ ပြစ်ဒဏ် ကင်းလွတ်ခွင့် နေရာတကာ ရှိနေဟု ကုလပြော

ဓာတ်ပုံ မူပိုင် EPA
Image caption အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်တာနဲ့ ပတ်သက်ပြီး ယူကရိန်း အစိုးရနဲ့ သူပုန်တို့ အပြန်အလှန် စွပ်စွဲခဲ့ကြ။

ယူကရိန်း အရှေ့ပိုင်းမှာ ပြစ်ဒဏ် ကင်းလွတ်ခွင့် နေရာတကာမှာ ရှိနေတဲ့ အခြေအနေကြောင့် အစောပိုင်းက ပေါ်ပေါက်ခဲ့တဲ့ သုတ်သင် သတ်ဖြတ်မှုတွေ အတွက် လက်သည် တရားခံအဖြစ် စွပ်စွဲ ခံထားရသူတွေထဲက လူအနည်းငယ်ကိုသာ ထိန်းသိမ်း နိုင်ခဲ့တယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။

တချို့ သတ်ဖြတ်မှုတွေက စစ်ရာဇဝတ်မှု ပမာဏအထိ အတိုင်းအတာ ရှိနိုင်တယ် လို့လည်း ကုလ သမဂ္ဂ လူ့အခွင့်အရေး အထူး ကော်မရှင်နာ ရုံး OHCHR က ပြောပါတယ်။

ရုရှား လိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေ ထိန်းချုပ်ရာ ဒေသတွေမှာ သေကြေ ပျောက်ဆုံးခဲ့သူ အနည်းဆုံး လူ ၄၇ ဦးရဲ့ အမှုကို OHCHR က စုံစမ်း စစ်ဆေး ခဲ့တယ်လို့ ဆိုပါတယ်။

ယူကရိန်း အစိုးရ ထိန်းချုပ်ရာ နယ်မြေမှာလည်း အလားတူ အမှုပေါင်း ၂၉ မှု ရှိတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

၂၀၁၄ ခုနှစ်မှာ စတင် ပေါ်ပေါက်တဲ့ ယူကရိန်း အရှေ့ပိုင်းက ပဋိပက္ခ အတွင်းမှာ လူ ၉၅၀၀ လောက် သေဆုံးခဲ့ပါတယ်။

ခရိုင်းမီးယား ကျွန်းဆွယ်ကို ယူကရိန်း ဆီကနေ ရုရှားက ဖဲ့ယူခဲ့ပြီးနောက် ယူကရိန်း အရှေ့ပိုင်းက လူဟန့်စ်နဲ့ ဒွန်းညက် မြို့တွေကိုလည်း ရုရှားလိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေက သိမ်းပိုက် ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ