သေနတ်သမားဟာ IS နဲ့ ပတ်သက်တာမရှိဘူးလို့ ဆို

Image caption တိုက်ခိုက်မှုအတွင်း ပြေးလွှား ရုန်းထွက်ခဲ့ရသူတွေ

ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ သောကြာနေ့ ညနေက လူ ၉ ဦး သေဆုံးခဲ့ရတဲ့ အိုလံပီယာစျေးရုံထဲ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်သူဟာ အသက် ၁၈ နှစ်အရွယ် လူငယ်တဦးလို့ ရဲတွေက ပြောပါတယ်။

သူ့ကိုယ်သူ သတ်သေခဲ့တယ်လို့ ယူဆရတဲ့ အဲဒီသေနတ်သမားဟာ သိရသလောက် အိုင်အက်စ် အစ္စလမ်မစ် အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်တာမျိုး မရှိဘူးလို့ရဲတွေက ပြောပါတယ်။

သူ ဘာကြောင့် ဒီလိုက်ခိုက်ခဲ့တာလဲ သူဘယ်လိုရည်ရွယ်ချက်နဲ့ အခုလို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတာကို ရဲတွေကလည်း သိချင်နေကြတဲ့အတွက် စုံစမ်းစစ်ဆေးတာတွေ လုပ်နေရာမှာ တစတစတော့ သူ့အကြောင်းကိုသိလာနေကြပါပြီ။

မနေ့ကတော့ ဒီတိုက်ခိုက်မှုကို လူအတော်များများက ပါ၀င် ကျူးလွန်ခဲ့တယ်လို့ အာဏာပိုင်တွေက ယူဆခဲ့ပေမယ့် အခုတော့ သူတယောက်တည်း လုပ်ခဲ့တာလို့ ရဲက ပြောပါတယ်။

သေနတ်နဲ့ တိုက်ခိုက်ခဲ့သူဟာ မြူးနစ်မှာပဲ နေထိုင်နေတဲ့ အီရန်နဲ့ ဂျာမန် နိုင်ငံသား ၂ ခု ခံယူထားသူ လူငယ်တဦးဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ လူအမြောက်အများ ပစ်ခတ်သတ်ဖြတ်မှုတွေကို စွဲလန်း စိတ်ဝင်စားသူ ဖြစ်တယ်လို့ ရဲတွေက ပြောပေမယ့် သေနတ်သမားဟာ အိုင်အက်စ် အစ္စလမ်မစ်အဖွဲ့နဲ့ ဆက်စပ်ပတ်သက်မှုရှိခဲ့တယ်ဆိုတာမျိုး မတွေ့ရဘူးလို့ ဆိုပါတယ်။

သူရဲ့ အခန်းကိုရှာဖွေရာမှာ အဲဒီလို ပစ်ခတ်သတ်ဖြတ်မှု တွေနဲ့ပတ်သက်တဲ့ သတင်း ဆောင်းပါးတွေပါ သတင်းစာဖြတ်ပိုင်း အများအပြားစုဆောင်းထားတာကို တွေ့ခဲ့ရပါတယ်။

သူမှာ ၉ မမ ဂလော့ အမျိုးအစား ပစ္စတိုတလက်နဲ့ ကျည်ဆန် ၃၀၀ ရှိတယ်လို့ပြောပါတယ်။ သူဟာ အခု သူပစ်သတ်ခဲ့တဲ့ သူတွေကို မက်ဒေါ်နယ် စားသောက်ဆိုင်မှာ လာတွေ့ကြဖို့ အမျိုးသမီးနာမည်နဲ့ အကောင့်ဖွင့်ခဲ့ပြီး အဲဒီ ဖေ့ဘုတ်အကောင့်အတုကနေ ချိန်းခဲ့တယ်လို့ ရဲတွေက သံသယရှိနေပါတယ်။

သေနတ်သမားဟာ စျေးရုံထဲမှာ ပစ်ခတ်တာတွေ မလုပ်ခင် အနီးက အဲဒီမက်ဒေါ်နယ် စားသောက်ဆိုင်နား မှာ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီတာဖြစ်ပြီး ပစ်ခတ်မှုကြောင့် လူ ၉ ဦးသေဆုံးခဲ့ပြီး ကလေးတွေအပါအဝင် ၂၇ ဦးဒဏ်ရာရခဲ့ပါတယ်။

အဲဒီထဲက ၁၃ နှစ်သားအရွယ် ကလေးတဦးအပါအ၀င် ၁၀ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေအနက် ၃ ဦးဟာ ကိုဆိုဗိုက အသက် ၂၀ ဝန်းကျင် လူငယ် တွေ ဖြစ်ပြီး အမျိုးသား တဦး အမျိုးသမီး၂ဦးဖြစ်ပါတယ်။

နောက်ပြီး သေနတ်သမားဟာ ၂၀၁၁ ဇူလိုင်လက လူ ၇၇ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ နော်ဝေးက လူသတ်သမား Anders Behring Breivik နဲ့ ဆက်နွယ်မှုရှိတယ် လို့ ရဲက ပြောပါတယ်။

သေနတ်သမားဟာ စိတ်ကျရောဂါနဲ့ ဆေးကုသမှု ခံယူဘူးသူဖြစ်တယ်လို့ ရဲက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ