အရွယ်မရောက်သေးတဲ့ ကလေးတွေ မတော်မတရား ဆက်ဆံခံရ

ဓာတ်ပုံ မူပိုင် elvis
Image caption ဆန္ဒပြပွဲတွေ သြစတြေးလျက မြို့ကြီး အတော်များများမှာ ဖြစ်နေ

သြစတြေးလျ နိုင်ငံ မြောက်ပိုင်း က လူငယ် ထိန်းသိမ်းရေး စခန်းတခုမှာ အရွယ်မရောက်သေးတဲ့ ကလေး တော်တော်များများကို မတော်မတရား ပြုမူ ဆက်ဆံနေတဲ့ ဗီဒီယို ထွက်ပေါ် လာခဲ့ပြီးတဲ့နောက် အစိုးရရဲ့ ကိုင်တွယ်ပုံကို ဝေဖန် ပြောဆို နေကြပြီး မြို့ကြီး တော်တော်များများမှာ ချီတက် ဆန္ဒပြမှုတွေ ဖြစ်နေပါတယ်။

နှိပ်စက်ခံရသူ အများစုဟာ အဘောရီးဂျင်း တိုင်းရင်းသား လူမျိုးစု ကလေးတွေ ဖြစ်ကြပြီး တချို့ ဆန္ဒပြပွဲ ဉီးဆောင်သူတွေ ကတော့ ထိန်းသိမ်းရေး စခန်းက ကိုင်တွယ်ပုံ စနစ်တွေက လူမျိုးရေး ခွဲခြားမှု ရှိတယ်လို့ ပြောနေပါတယ်။

သြစတြေးလျ နိုင်ငံ မြောက်ပိုင်း Don Dale လို့ခေါ်တဲ့ လူငယ် ထိန်းသိမ်းရေး စခန်းမှာ အဘောရီးဂျင်း တိုင်းရင်းသား ယောကျားလေးတွေကို စခန်းက တာဝန်ရှိသူတွေက မတော်မတရာ ပြုမူ ဆက်ဆံနေတဲ့ ပုံတွေ ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

အဲဒီပုံတွေ ထဲမှာ Dylan Voller ဆိုတဲ့ အသက် ၁၃နှစ် အရွယ် လူငယ်လေးကို တိုက်ပိတ် ထားစဉ်မှာ ထိန်းသိမ်းရေး စခန်း အစောင့် သုံးယောက် လောက်က သူ့ကို အတင်း ဖမ်းချုပ်ပြီး ကြမ်းပြင်ပေါ်ကို လှဲချကာ အဝတ်အစားတွေကိုလည်း ဆွဲချွတ် ချပစ်ခဲ့ကြတာကို မြင်ရပါတယ်။

စုံစမ်း စစ်ဆေးရေး အစီရင်ခံစာမှာ ဒီလို ပြုမူခဲ့တဲ့ အရာရှိတွေကို အပြစ်မရှိဘူး ဆိုပြီး နှစ်ခါတောင် ဖော်ပြခဲ့ပါတယ်။

အသက်၁၇ နှစ် အရွယ်ရောက်ချိန်မှာ သူထပ်ပြီး ထိန်းသိမ်း ခံခဲ့ရပြီး မျက်နှာနဲ့ ခေါင်းကို အ၀တ်အိပ်နဲ့ စွပ်ပြီး ကုလားထိုင် တခုမှာ ခြေတွေ လက်တွေ ချုပ်နှောင်ထားတဲ့ ပုံတွေကိုလည်း တွေ့ရပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် ကတော့ ဒီဖြစ်ရပ်ဟာ ညှင်းပမ်း နှိပ်စက်တဲ့ ပုံမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ