ပြင်သစ်ဘုန်းတော်ကြီး စျာပန လူထောင်ချီတက်

ဓာတ်ပုံ မူပိုင် Reuters
Image caption ပြင်သစ်ဘုန်းတော်ကြီးရဲ့ စျာပနကို လူထောင်ချီတက်ရောက်

ပြင်သစ်နိုင်ငံ နော်မန်ဒီက ခရစ်ယန်ဘုရားရှိခိုးကျောင်းအတွင်း အစ္စလမ်မစ် အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်တာကိုခံခဲ့ရတဲ့ ဘုန်းတော်ကြီး ဖာသာ ဂျက် ဟာမဲရဲ့ စျာပနအခမ်းအနားကို လူထောင်ချီ တက်ရောက်ခဲ့ကြပါတယ်။

အသတ်ဖြတ်ခံခဲ့ရတဲ့ ဖာသာ ဂျက် ဟာမဲရဲ့ ရုပ်အလောင်း ထည့်ထားရာ ခေါင်းတလား ဘုရားရှိခိုးကျောင်းအတွင်းကို သယ်ဆောင်ပြီးယူ အလာမှာ ဓမ္မတေးတွေ သီဆိုခဲ့ကြပါတယ်။ တက်ရောက်ကြသူတွေထဲမှာ ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဘားနက်စ ကက်ဇန်နူနဲ့ ပြင်သစ်မှာ ထင်ရှားတဲ့ ကက်သလစ် ဘုန်းတော်ကြီးတွေ လည်း တက်ရောက် ဂုဏ်ပြု ကြပါတယ်။

ပရိသတ်ထဲမှာ အစ္စလာမ်ဘာသာ အသိုင်းအဝိုင်းကသူတွေကိုလည်း တွေ့ရပါတယ်။

ဘုရားကျောင်းအပြင်မှာ ရှိနေကြတဲ့ လူအများအပြားကတော့ အပြင်မှာစိုက်ထူထားတဲ့ ရုပ်မြင်သံကြားကြီးကနေ မိုးရွာထည်းမှာ စျာပနအခမ်းအနားကို ကြည့်ခဲ့ကြပါတယ်။

အိုင်အက်စ ကို သစ္စာ ရှိတယ် ဆိုတဲ့ အစ္စလာမစ် စစ်သွေးကြွ လူငယ် ၂ ယောက်က အသက် ၈၅ နှစ်ရှိပြီ ဖြစ်တဲ့ ဖာသာ ဂျက် ဟာမဲကို ဝတ်ပြုနေချိန်မှာ ဒူးထောက်ခိုင်းပြီး လည်ပင်း ကို ဓားနဲ့ လှီး ပြီး သတ်ဖြတ်ခဲ့တာ ပါ။

ကျူးလွန်ခဲ့တဲ့သူတွေကို နောက်ပိုင်းမှာ အဲဒီဘုရားကျောင်းက အထွက်မှာ ရဲတွေက ပစ်သတ်ခဲ့ပါတယ် ။ ဒီတိုက်ခိုက်မှု နောက်ပိုင်း ပြင်သစ်မှာ ရှိနေတဲ့ ဘာသာရေး အစွန်းရောက်တရားတွေ ကို ဖြန့်ဖြူးနေတဲ့ ဗလီ ၂၀ လောက်ကို လည်း အစိုးရက ပိတ်လိုက်ပါတယ်။ ဖာသာ ဂျက် ဟာမဲရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းကို အခုအောက်မေ့ဂုဏ်ပြုပွဲ စျာပန အခမ်းအနားနောက်ပိုင်း သီးသန့်အစီအစဉ်နဲ့ မြှုပ်နှံသဂြိုလ်မှာ ဖြစ်ပါတယ်။