တောင်အာဖရိက ရွေးကောက်ပွဲ ANC အကျိတ်အနယ်

africa ဓာတ်ပုံ မူပိုင် AP
Image caption တောင်အာဖရိက ဒေသ ရွေးကောက်ပွဲတွေ ကျင်းပ

တောင်အာဖရိကမှာ ဒေသ စည်ပင် ရွေးကောက်ပွဲတွေ ကျင်းပနေပါတယ်။ ၁၉၉၄ ကတည်းက အာဏာရ လာတဲ့ အေအန်စီ ပါတီနဲ့ သမ္မတ ဇူးမား အတွက် ဒီရွေးကောက်ပွဲကို စမ်းသပ်ပွဲလို့ လူတွေက မြင်ကြပါတယ်။

မစ္စတာ ဇူးမား သူပိုင် အိမ်ဆောက်ဖို့ ပြည်သူ့ ဘဏ္ဍာငွေကို သုံးထားတာကို ပြန်ပေးဖို့ အမိန့်ချ ခံရပြီးနောက် အခြေမလှ ဖြစ်နေပါတယ်။

မဲစစ်တမ်းတွေ အရ ပရီတိုးရီးယား၊ ဂျိုဟာ နစ္စဘတ်နဲ့ ပို့ အလဇ္ဇဘက် မြို့ကြီးတွေမှာ အေအန်စီ ရှုံးနိုင်ပါတယ်။

တချို့ အေအန်စီ လူကြီးတွေက တိုင်းပြည်မှာ စီးပွားရေးလည်း မကောင်းတာမို့ ဇူးမား ဆင်းပေးသင့်ပြီလို့ ဆိုပါတယ်။

ဒီလို စကားတွေကြောင့် ရွေးကောက်ပွဲမှာ အေအန်စီ အခြေမလှ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။

မဲဆွယ်ပွဲတွေမှာ တင်းမာမှုတွေ ဖြစ်ခဲ့ပြီး အေအန်စီ ဒေသ ခေါင်းဆောင် တချို့ ပစ်သတ်ခံရပြီးနောက် လုံခြုံရေးလည်း တင်းကျပ်ထားပါတယ်။

ပါတီ ၂ ခုက ယှဉ်ပြိုင်

တောင်အာဖရိကမှာ လူဖြူ အုပ်စိုးမှု ကို ခေါင်းဆောင်တိုက်ခဲ့တဲ့ အေအန်စီကို ပါတီ ၂ ခုက ယှဉ်ပြိုင်လာပါပြီ။

ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့နဲ့ စီးပွားရေး လွတ်လပ်မှု တိုက်ပွဲဝင်သူများ အဖွဲ့ပါ။ ဒါ သူတို့အတွက် ပထမဆုံး ယှဉ်ပြိုင်မှုလည်း ဖြစ်ပါတယ်။

ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ ခေါင်းဆောင် Mmusi Maimane က ဂျိုဟန်နစ္စဘတ်မှာတင်မက တခြား နေရာတွေမှာပါ သူတို့ အခြေအနေကောင်းတယ်လို့ ဆိုပါတယ်။

မဲဆန္ဒရှင် တယောက်ကတော့ သူတို့ အပြောင်းအလဲ လိုချင်လို့ မဲပေးတာလို့ ဆိုပါတယ်။

ကျနော်တို့ ကျူးကျော် ရပ်ကွက်မှာ နေရတာ အိမ်နဲ့ရာနဲ့ နေချင်လို့ ပေးတာလို့ ဆိုပါတယ်။

ဒဏ်ခတ်ချင်လို့ မဲထည့်

တချို့လူတွေက အေအန်စီကို ဒဏ်ခတ်ချင်လို့ လာမဲထည့်တာလို့ ပြောပါတယ်။

ဒီနှစ် တောင်အာဖရိကရဲ့ ဖွံ့ဖြိုးနှုန်းက ရာခိုင်နှုန်း သုည ဖြစ်ပြီး အလုပ်လက်မဲ့က ၂၇ ရာနှုန်း ရှိပါတယ်။

နိုင်ငံတဝှမ်း အိမ်ရာ အဆောက်အအုံတွေ တည်ထောင်ပေးဖို့ ဆန္ဒပြပွဲတွေလည်း ဖြစ်နေပါတယ်။

တချို့ နေရာတွေမှာတော့ အေအန်စီကို မကြိုက်ပေမယ့် လူဖြူ ပါတီလို့ ယူဆတဲ့ ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ကို မထောက်ခံချင်ဘူးလို့ ပြောပါတယ်။

လူတွေက အတိုက်အခံကို မဲထည့်ပြီး လက်ရှိ အစိုးရ အုပ်ချုပ်မှု ညံ့ဖျင်းတာ၊ ခြစားတာတွေကို သတိပေးချင်ပေမယ့် သူတို့ကို ဖယ်ရှားဖို့ ဆန္ဒတော့ မရှိဘူးလို့လည်း ပြောနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ