ဆီးရီးယား သူပုန်တွေIS လက်က မြို့ကို ပြန်သိမ်းနိုင်ဖို့ နီးစပ်

syria_kurd_us_backed_manbij ဓာတ်ပုံ မူပိုင် Reuters
Image caption မန်ဘိဂျ်မြို့ကို ပြန်သိမ်းနိုင်ဖို့ နီးစပ်လာ

ဆီးရီးယားထဲက လာတဲ့ သတင်းတွေအရ အမေရိကန်က အကူအညီ ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေက နိုင်ငံမြောက်ပိုင်းက အချက်အခြာ ကျတဲ့ မြို့တမြို့ကို အစ္စလာမ်မစ် နိုင်ငံအဖွဲ့လက်က ပြန်သိမ်းပိုက်နိုင်ဖို့ နီးနေပြီဖြစ်ပါတယ်။

အဲဒီ မန်ဘိဂျ်မြို့ကို ကာ့ဒ်နဲ့ အာရပ် လက်နက်ကိုင်တွေက သတင်းပတ်များစွာ ထိုးစစ်ဆင် နေခဲ့ရာမှာ အခု မြို့တွင်းလမ်းတွေမှာပါ တိုက်ခိုက် နေကြပါတယ်။ အဲဒီ ဒေသကို စောင့်ကြည့်နေတဲ့ အဖွဲ့တွေရဲ့ အဆိုအရ အိုင်အက်စ် စစ်သွေးကြွ တချို့မြို့လည်နဲ့ မြို့မြောက်ဘက်ခြမ်းက အစွန်အဖျား ဒေသတွေမှာ ကျန်နေသေးပြီး ခုခံနေဆဲ ဖြစ်ပါတယ်။

မန်ဘိဂျ် မြို့ဟာ တူရကီ နယ်စပ်နဲ့လည်း နီးကပ်သလို လမ်းပမ်း အချက်အခြာဖြစ်လို့ အဲဒီမြို့သာ ကျသွားခဲ့ရင် အိုင်အက်စ်တွေ အတော် အထိနာသွားမှာ ဖြစ်ပါတယ်။