ထိုင်း အခြေခံဥပဒေ အတည်ဖြစ်ဖို့ရှိ

ဓာတ်ပုံ မူပိုင် Reuters
Image caption အာဏာသိမ်း အဖွဲ့က သဘော မတူရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်လို့ မရနိုင်ပါ

ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းပြီး ၂ နှစ်ကျော် အကြာ ရေးဆွဲ ခဲ့တဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ မူကြမ်းကို လူထု ဆန္ဒ ခံယူပွဲ ကျင်းပခဲ့ ရာမှာ အများစုက ထောက်ခံမဲ ပေးကြလို့ ဖွဲ့စည်းပုံ အတည် ဖြစ်ဖို့ ရှိနေ ပါတယ်။

အခု ဖွဲ့စည်းပုံ လူထု ဆန္ဒခံယူ ပွဲမှာ မဲ ၂ ရွက် ပေးရ ပါတယ်။ ဖွဲ့စည်းပုံကို လက်ခံ မခံနဲ့ အထက် လွှတ်တော် အမတ်တွေက ဝန်ကြီးချုပ်ကို ရွေးချယ်ခွင့် ပေးမယ် မပေးဘူး ဆိုတာကို ဆန္ဒ ခံယူပွဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။

လူများစုက ဖွဲ့စည်းပုံကို လက်ခံ သလို အထက် လွှတ်တော် အမတ်တွေက ဝန်ကြီးချုပ် ရွေးချယ်ခွင့်ကို လည်း လက်ခံခဲ့ ပါတယ်။

အများက လက်ခံ ခဲ့တဲ့ အကြောင်းခံနဲ့ ပတ်သက်ပြီး ချူလာလောင်ကွန်း တက္ကသိုလ် နိုင်ငံရေး ဌာနက နရုမွန်း ထပ်ချုမ်းဖွန်း အခု လိုပြောပါတယ်။

''ဖွဲ့စည်းပုံကို လက်ခံတာကို ကြည့်မယ် ဆိုရင် အာဏာသိမ်း ထားတာ ကြာပြီဖြစ်လို့ ရွေးကောက်ပွဲ လုပ်နိုင်ဖို့ လက်ခံ လိုက်တယ်လို့ ပြောနိုင်တယ်။ အထက် လွှတ်တော် အမတ် တွေက ဝန်ကြီးချုပ် ရွေးချယ်ခွင့် ပေးတာကို ကြည့်ရင်တော့ ပြီးခဲ့တဲ့ နိုင်ငံရေး သမားတွေ ကို လူထုက စိတ်ပျက်နေတဲ့ သဘောကို ပြတယ်လို့ ပြောနိုင်ပါတယ်။ အခု ဖွဲ့စည်းပုံမှာ အဓိက ညွှန်းနေ တာက အဂတိ လိုက်စားမှု တိုက်ပျက်ရေး လုပ်မယ် ဆိုတဲ့ အချက်ကိုလည်း လူထုက ထောက်ခံတဲ့ သဘော ရှိတယ်။ ဒါပေမယ့် အထက် လွှတ်တော်မှာ စစ်တပ် ခေါင်းဆောင် ၆ နေမှာရယ် အာဏာသိမ်း အဖွဲ့က ရွေးချယ် တင်မြှောက်မယ် ဆိုတဲ့ အချက်က ဒီမိုကရေစီ စနစ် အားနည်း စေတာကို တွေ့ရတယ်။ ဒီဖွဲ့စည်းပုံ အရ အာဏာသိမ်း အဖွဲ့က ဆက်ဦးဆောင် မှာရယ် စစ်တပ် ခေါင်းဆောင်တွေ အနည်းဆုံး သက်တမ်း ၂ ခု အထိ ရှိနေမှာ ဖြစ်လို့ လာမယ့် ၅ နှစ် ၁၀ နှစ် အတွင်း အာဏာသိမ်းမှု မရှိ နိုင်ဘူးလို့ ပြောလို့ရတယ်လို့'' ပြောပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ မလွယ် အောင်လည်း ကန့်သတ်ထား ပါတယ်။ အထက် လွှတ်တော် အမတ် ၃ ပုံ ၁ က လက်ခံမှ ပြင်လို့ ရမှာ ဖြစ်လို့ အာဏာသိမ်းအဖွဲ့က သဘော မတူရင် ပြင်လို့ မရနိုင်ပါ။

အဲ့ဒီတော့ ထိုင်းနိုင်ငံမှာ နိုင်ငံရေး တင်းမာမှု ဖြစ်တာဟာ အဂတိ လိုက်စားမှုက စတာလို့ ယူထားတဲ့ အတွက် ဒီဖွဲ့စည်းပုံ အရ အကတိ လိုက်စားမှုကို တိုက်ဖျက် နိုင်မလား ဆိုတာ စောင့်ကြည့်ရ ဦးမယ်လို့ မဟိဒွန်း တက္ကသိုလ်က ပညာရှင် ကိုးထုံး အာရီယက ပြောပါတယ်။