ဂျပန် ဧကရာဇ် နန်းစွန့်ဖို့ အရိပ်အမြွက် ပြော

ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ငံရေး ကိစ္စတွေမှာ ဝင်စွက်သလို ဖြစ်နိုင်တဲ့အတွက် နန်းစွန့်လိုတယ် လို့တော့ ဧကရာဇ်က တိုက်ရိုက် ပြောဆိုခြင်း မရှိ။

ဂျပန် ဧကရာဇ် အခီဟီတိုက ထီးနန်း စွန့်လိုတဲ့ သူ့ရဲ့ ဆန္ဒနဲ့ ပတ်သက်ပြီး ရုပ်သံက တဆင့် အရိပ်အမြွက် ပြောလိုက်ပါတယ်။

၈၂ နှစ် အရွယ် ဂျပန် ဧကရာဇ်က သူ့အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေကြောင့် အလုပ်တာဝန်တွေ မထမ်းဆောင်နိုင်မှာကို စိုးရိမ်ကြောင်း သူ့ရဲ့ ရှားရှားပါးပါး ရုပ်သံ မိန့်ခွန်းမှာ ပြောခဲ့တာပါ။

ဧကရာဇ် ထီးနန်းစွန့်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိ ဂျပန် ဥပဒေမှာ မပါရှိ သေးသလို၊ ဧကရာဇ် အနေနဲ့ နိုင်ငံရေး ထုတ်ပြန်ချက်တွေလည်း လုပ်ခွင့် မရှိတဲ့အတွက် သူက ထီးနန်း စွန့်လိုတယ် လို့တော့ တိုက်ရိုက် ပြောဆိုခဲ့ခြင်း မရှိဘဲ အရိပ်အမြွက်သာ ပြောခဲ့တာပါ။

ဂျပန် ဧကရာဇ် တရားဝင် နန်းစွန့် နိုင်ဖို့အတွက် ဥပဒေ ပြင်ဆင်ချက် ထည့်သွင်းရဖို့ ရှိပြီး အဲဒီအတွက် ပါလီမန်ရဲ့ သဘော တူညီချက်လည်း လိုအပ်မှာ ဖြစ်ပါတယ်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အဘေး ကတော့ အစိုးရ အနေနဲ့ ဧကရာဇ် အခီဟီတိုရဲ့ ဆန္ဒနဲ့ ပတ်သက်ပြီး အလေးထား ဆွေးနွေး သွားမယ်လို့ ပြောပါတယ်။

အများရဲ့ လေးစားမှုကို ခံရတဲ့ ဂျပန် ဧကရာဇ် အခီဟီတိုဟာ ၁၉၈၉ ခုနှစ်မှာ ခမည်းတော် ဟီရိုဟီတို နတ်ရွာစံပြီးနောက် ဂျပန် ထီးနန်းကို ဆက်ခံခဲ့သူ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ