ပါကစ္စတန် ဆေးရုံမှာ ဗုံးခွဲ၊ ၇၀ကျော် သေဆုံး

ဓာတ်ပုံ မူပိုင် AFP
Image caption သေဆုံး ဒဏ်ရာရသူတွေ ထဲမှာ ရှေ့နေတွေနဲ့ သတင်းသမားတွေ ပါဝင်။

ပါကစ္စတန် နိုင်ငံ အနောက်တောင်ပိုင်း၊ ဘာလိုချစ္စတန် ခရိုင်၊ ကွက်တာမြို့က ဆေးရုံ တစ်ရုံမှာ ဗုံးခွဲ တိုက်ခိုက်မှု တစ်ခုကြောင့် အနည်းဆုံး လူ ၇၀ သေဆုံးခဲ့တယ်လို့ ပါကစ္စတန် အရာရှိတွေက ပြောပါတယ်။

တနင်္လာနေ့ အစောပိုင်းက ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ နာမည်ကျော် ရှေ့နေ တစ်ယောက်ရဲ့ အလောင်းကို ပို့ဆောင် ထားရှိရာ ဆေးရုံရဲ့ အရေးပေါ် ဝင်ပေါက်မှာ အခုလို တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဒဏ်ရာရသူတွေလည်း ၁၂၀ လောက် ရှိခဲ့ပါတယ်။

သေဆုံး ဒဏ်ရာရသူတွေထဲမှာ ပစ်သတ်ခံရသူ ရှေ့နေ Bilal Anwar Kasi ရဲ့ အလောင်းကို လာကြည့်ကြတဲ့ သတင်းသမားတွေနဲ့ ရှေ့နေတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဗုံးခွဲ တိုက်ခိုက်မှုနဲ့ တဆက်တည်းမှာ သေနတ်တွေနဲ့ပါ ပစ်ခတ်ခဲ့ကြပြီး တိုက်ခိုက်သူတွေ ဘယ်သူဘယ်ဝါ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပါကစ္စတန် ရဲတပ်ဖွဲ့ကတော့ ဖောက်ခွဲမှုက အသေခံ ဗုံးခွဲမှု ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

အစောပိုင်းက ပစ်သတ်ခံရတဲ့ မစ္စတာ ကာစီဟာ ဘာလိုချစ္စတန် ရှေ့နေအသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်ပြီး ကွက်တာမြို့က တရားရုံးချုပ်ကို သွားစဉ် ပစ်သတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို ပါကစ္စတန် ဝန်ကြီးချုပ် နာဝက် ရှာရစ်ဖ်က ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်ပြီး ခရိုင်အတွင်း မတည်မငြိမ်ဖြစ်အောင် လုပ်တဲ့သူတွေကို လုံးဝ ခွင့်မလွှတ်ဘူးလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ