အကြမ်းဖက်မှု နှိမ်နင်းရေး အစီအစဉ်သစ် ဂျာမနီ အဆိုပြု

ဓာတ်ပုံ မူပိုင် AFP
Image caption ဗီဒီယို ကင်မရာတွေ ထပ်တိုးပြီး ဂျာမန် ရဲတပ်ဖွဲ့ရဲ့ စောင့်ကြည့်ရေး စွမ်းရည်ကို တိုးမြှင့်မယ်။

ဂျာမနီ နိုင်ငံမှာ အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက် အလားတူ တိုက်ခိုက်မှုတွေကို တားဆီး နိုင်ဖို့အတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေး အစီအစဉ် သစ်တွေကို ဂျာမန် ပြည်ထဲရေး ဝန်ကြီး Thomas de Maiziere က အဆိုပြု လိုက်ပါတယ်။

အဲဒီ အစီအစဉ်တွေ ထဲမှာ ဂျာမန်နဲ့ တခြား နိုင်ငံသား အဖြစ် နိုင်ငံသား ၂ မျိုး ခံယူထားသူတွေထဲက အကြမ်းဖက် အဖွဲ့အစည်း တခုခုနဲ့ ပတ်သက် ခဲ့ဖူးသူတွေကို ဂျာမန် နိုင်ငံသား အဖြစ်ကနေ ရုပ်သိမ်းမယ့် အစီအစဉ်လည်း ပါဝင်သလို၊ နိုင်ငံခြားသား ရာဇဝတ်သားတွေကို ပြန်ပို့ဖို့ ကိစ္စကို ပိုပြီး အလျင်အမြန် ဆောင်ရွက်ဖို့လည်း ဂျာမန် ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

ရဲတပ်ဖွဲ့အတွက် တပ်သားသစ်တွေ၊ လက်နက် ကိရိယာတွေနဲ့ စောင့်ကြည့်ရေး စွမ်းရည်တွေ ထပ်တိုး ပေးဖို့လည်း သူက ပြောပါတယ်။

ဒါပေမယ့် အများနဲ့ ဆိုင်တဲ့ နေရာတွေမှာ တကိုယ်လုံး ခေါင်းမီးခြုံ ဝတ်ရုံတွေ ဝတ်ဆင်တာကိုတော့ ပိတ်ပင်မှာ မဟုတ်ဘူးလို့ ဂျာမန် ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

အကြမ်းဖက်မှုကို တားဆီးနိုင်ဖို့ ဆေးကုသရေး နယ်ပယ်မှာ လူနာတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို စောင့်ထိန်းရတဲ့ ဆရာဝန်တွေရဲ့ ဝတ္တရားကို ဖြေလျှော့ပေးဖို့ တောင်းဆို ချက်တွေကိုလည်း သူက ခုခံ ပြောဆိုသွားပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေကို ကိုင်တွယ်ဖို့အတွက် ဗဟိုအဆင့် တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းမယ် လို့လည်း သူက ဆိုပြီး၊ အင်တာနက် ပေါ်ကနေ ဂျီဟတ် ဝါဒီတွေကို တိုက်ခိုက်ဖို့ နည်းပညာ ဆိုင်ရာ တိုက်ခိုက်ရေး အစီအစဉ် တခု လုပ်သွားမယ် လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ လက ဗစ်ဘာ့ဂ်နဲ့ အန်းရှ်ဘက် မြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ အစ္စလာမ္မစ် ခိုလှုံသူတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုက ဂျာမနီ နိုင်ငံကို တုန်လှုပ် ခြောက်ခြား စေခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ