ရီယိုအိုလံပစ် ပြေးခုန်ပစ်ပွဲတွေ စပြီ

Rio Olympic stadium ဓာတ်ပုံ မူပိုင် Getty
Image caption ရီယို အိုလံပစ် ပြေးခုန်ပစ် ပွဲတွေ စတင်

ရီယို အိုလံပစ် ၇ ရက်မြောက်နေ့ သောကြာနေ့ မှာ ပြေးခုန်ပစ် ပွဲ တွေလည်း စတင်လာပါပြီ။

အမျိုးသမီးမီတာ ၁သောင်း ပြေးပွဲမှာ ရွှေတံဆိပ်ဆွတ်ခူးပြီး အိုလံပစ် ချန်ပီယံ ဖြစ်တဲ့အပြင် ကမ္ဘာ့စံချိန် ကိုပါချိုးလိုက်တဲ့ အပြေးမယ် ကတော့ အီသီယိုပီးယား က အယ်မက်ဇ် အရာနာ ပါ။

၂၃ နှစ် တိုင်တိုင် ဘယ်သူမှမချိုးနိုင်သေးတဲ့ ကမ္ဘာ့စံချိန် ကို သူ ချိုးလိုက်တာပါ။

နောက် ၇မျိုးစုံ ပြိုင်ရတဲ့ အမျိုးသမီး ဟက်ပတာ သလွန် ပြိုင်ပွဲတွေလည်း စပါပြီ။

ဟက်ပတာ သလွန်မှာ မီတာ ၁၀၀ တန်းကျော် နဲ့ အမြင့်ခုန် တာတွေ ဒေသစံတော်ချိန်သောကြာနေ့ မနက်နဲ့ နေ့လည် ပိုင်းလောက် က ပြီးပါတယ်။

ဗြိတိန်အသင်းက ကက်ထရီးနား ဂျွန်ဆင်သွန်မဆင် အဲဒီ ပွဲ ၂ ခု အပြီးမှာတော့ ထိပ်ဆုံးက ပြေးနေပါတယ်။

ဘယ်လဂျီယံက Nafissatou Thiam က ဒုတိယ နေရာ က လိုက်နေပါတယ်။

၂၀၁၂ လန်ဒန်အိုလံပစ် ဟက်တာသလွန်ချန်ပီယံ ဗြိတိန်က ဂျက်ဆီကာ ဟန်းနက် ဟေးလ် ကတော့ တတိယ က လိုက်နေပါတယ်။

နောက် ထပ် သံလုံးပစ် ပြိုင်ပွဲ၊ မီတာ ၂၀၀ ပြေးပွဲအပြင် တခြားပွဲတွေ နဲ့ ၇မျိုးစုံအောင် သူတို့ ပြိုင်ရဦးမှာပါ။

မြန်မာအသင်း ဘက် ကိုကြည့်မယ် ဆိုရင်တော့ သောကြာနေ့ မီတာ ၅၀ အလွတ်ကူး ပထမဆင့် ပြိုင်ပွဲမှာ မြန်မာနိုင်ငံ က ရေကူးမယ် အိအိသက် ပြိုင်ပါတယ်။ ဒါပေမယ့် ဖိုင်နယ် ပြိုင်ပွဲအတွက်တော့ ကွာလီဖိုင်းမဖြစ်ခဲ့ပါဘူး။

အမျိုးသမီ ဘောလုံးပွဲမှာတော့ လက်ရှိ အိုလံပစ်ချန်ပီယံဖြစ်တဲ့ အမေရိကန် အမျိုးသမီးအသင်း ဆွီဒင်နဲ့ ၁ လုံးစီ သရေကျ ပြီးတဲ့နောက် ပယ်နယ်တီ ကန်ကြရာမှာ ရှုံးသွားလို့ ပြိုင်ပွဲကထွက်ရပါပြီ။

အမျိုးသားမြားပစ်မှာတော့ တောင်ကိုရီးယား က ကုဘွန်ချန် က ပြင်သစ်က ပြိုင်ဘက် ကိုနိုင်ပြီး ရွှေတံဆိပ်ဆွတ်ခူးပါတယ်၊ ဒါဟာ သူ့ရဲ့ဒုတိယ ရွှေတံဆိပ်လည်းဖြစ်ပါတယ်။

လှေလှော်ပြိုင်ပွဲတွေမှာ အမျိုးသား ၄ ယောက်လှော်မှာ လည်း ဗြိတိန် က ရွှေရခဲ့သလို အမျိုးသမီး ၂ ယောက်လှော်မှာ လည်း ရွှေ တံဆိပ် ရခဲ့လို့ ဗြိတိန်အတွက် လှေလှော်ပြိုင်ပွဲ နေ့ကောင်းရက် တရက်ဖြစ်ခဲ့ပါတယ်။

အိုလံပစ် ဆုတံဆိပ်စာရင်းကို ကြည့်ရင်တော့အမေရိကန်အသင်း က ရွှေ ၁၆ ခု စုစုပေါင်း ဆုတံဆိပ် ၄၃ ခု နဲ့ ပထမ တရုတ်က ရွှေ ၁၃ ခုနဲ့ ဒုတိယ ၊ ဗြိတိန်က ရွှေ ၇ ခု နဲ့တတိယ နေရာတွေမှာ အသီးသီး ရှိနေကြပါတယ်။