ရုရှ အားကစားမယ် အကောင့်ကို ဖောက်ထွင်းခံရ

Yuliya Stepanova ဓာတ်ပုံ မူပိုင် AFP
Image caption ရုရှက ပြေးလာရတဲ့ Stepanova

ရုရှ အားကစားမယ် Yuliya Stepanova ရဲ့ တည်နေရာ အတိအကျ ကို ဖော်ပြတဲ့ သူ့ရဲ့ အီလက်ထရောနစ် အကောင့်ကို ဖောက်ထွင်းခံရကြောင်း WADA နိုင်ငံတကာ တားမြစ်ဆေး သုံးစွဲမှု ဆန့်ကျင်ရေး အဖွဲ့ချုပ်က ပြောကြား လိုက်ပါတယ်။

Stepanova ဟာ ရုရှ အစိုးရက အားကစား သမားတွေ တားမြစ်ဆေး သုံးအောင် အားပေး နေတာကို ဖော်ထုတ်ရာမှာ ကူညီပေးခဲ့လို့ ပုန်းအောင်းနေရသူပါ။

ဝါဒါရဲ့ တားမြစ်ဆေး သုံးစွဲမှု ထိန်းချုပ်ရေး စနစ် အရ အားကစားသမားတွေကို ပုံမှန် ဆေးစစ်ဖို့ သူတို့ ဘယ်ရောက်နေတယ် ဆိုတာကို ဖော်ပြရပါတယ်။

အခု ဒီလို ဖောက်ထွင်းခံလိုက်ရလို့ တခြား အားကစားသမားတွေပါ မထိခိုက်အောင် ဝါဒါက စစ်ဆေးနေပါတယ်။

Stepanova က ရုရှက ပြေးလာပြီးနောက် သူတို့ အခုရောက်နေတဲ့ နေရာသစ်မှာ လုံခြုံတယ်လို့ ခံစားရကြောင်း အရင်လကပဲ ဘီဘီစီကိုပြောကြားပါတယ်။

ဝါဒါကလည်း သူတို့ လုံခြုံရေး အတွက် ဂရုစိုက်ပေးတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ရုရှမှာတော့ သူတို့ အပေါ် ထားတဲ့ သဘောထားက မကောင်းလှဘဲ လူတွေကရော အားကစား သမားတွေကပါ သူတို့ကို မုန်းတီးနေကြလို့ သူတို့ ရုရှ မပြန်သေးဘူးလို့လည်း Stepanova က ဆိုပါတယ်။

ရုရှ အားကစားအဖွဲ့ကို ရီယို အိုလံပစ် မှာ ပိတ်ပင်ခံရသလို Stepanova ကိုယ်တိုင်လည်း ၂ နှစ် အပိတ်ခံခဲ့ရဖူးပါတယ်။

သူ့ကို ဒီအိုလံပစ်မှာ တခြားအဖွဲ့ တခုအောက်ကနေ ပြိုင်ဖို့ အိုလံပစ်ကော်မတီက ဖိတ်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် သူ့ကို တားမြစ်ထားတာကို စမ်းမကြည့်ဖို့ Stepanova က ဆုံးဖြတ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ