ကွမ်တန် ဂြိုဟ်တု တရုတ် လွှတ်တင်

ဓာတ်ပုံ မူပိုင် AFP Getty
Image caption Hack Proof လို့ခေါ်တဲ့ ကြားဖြတ် ချိုးဖေါက် လို့မရအောင် လုပ်နိုင်မယ့် နည်းပညာ ဖြစ်

သြဂုတ်လ ၁၆ ရက်နေ့ ဒေသစံတော်ချိန် မနက်အစောပိုင်းမှာ တရုတ်နိုင်ငံ အနောက် မြောက်ဘက် ကျုံချီအန်း ဂြိုဟ်တု လွှတ်တင်ရေးစခန်းကနေ ကွမ်တန် ဂြိုဟ်တု ကို အောင်မြင်စွာ လွှတ်တင် လိုက်ပါတယ်။

ဒါဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ကွမ်တန် အမှုန်တန်း နဲ့ သတင်းအချက်အလက် ပေးပို့မယ့် ဂြိုဟ်တုဖြစ်ပါတယ်။

ဂြိုဟ်တုနံမည်ကိုတော့ ဟိုး တရုတ်ရှေးဟောင်း သိပံပညာရှင်လည်းဖြစ် အတွေးအခေါ် ပညာရှင်လည်း ဖြစ်ခဲ့သူ မူဇီရဲ့ နာမည်ပေးထားပါတယ်။

ဒီစီမံကိန်းကတော့ ဒီဂျစ်ဒယ် ဆက်သွယ်ရေးမှာ တနေ့ကျရင် Hack Proof လို့ခေါ်တဲ့ ကြားဖြတ် ချိုးဖေါက် လို့မရအောင် လုပ်နိုင်မယ့် နည်းပညာ ဖြစ်ပါတယ်။

ဒီဂြိုဟ်တုကနေ အလင်းကို ဖွဲ့စည်းထားတဲ့ အန်တန်ထက်ကို သေးငယ်တဲ့ ဖိုတွန်ဆိုတဲ့ အမှုန်လေးတွေ ကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။

ကွမ်တန်လို့ ခေါ်တဲ့ ဖိုတွန် အမှုန်လေးတွေက တခုကို တခု အမှီ သဟဲ ပြုနေမှာလည်း ဖြစ်ပါတယ်။ ဒီအမှုန်တွေနဲ့ ဖွဲ့စည်းထားတဲ့ လေဆာကို တရုတ်နဲ့ သြစေတြေးလျမှာ ရှိတဲ့ မြေပြင် စခန်းတွေကို ပို့လွှတ်မှာပါ။

ဒီလေဆာ အမျိုးအစားမှာ အတော်များတဲ့ ဂုဏ်သတ္တိတွေ ရှိနေပါတယ်။

အဲဒီတော့ ဂြိုဟ်တုကနေ ကွမ်တန် ပုံစံနဲ့ လျှို့ဝှက် ကုဒ် တခုကို ဖန်တီးထားတယ် ဆိုရင် ။ ဒီကုဒ်ကို ကြားဖြတ် ပြီး ဖေါ်ဖို့လုပ်မယ်ဆိုရင် ရှင်းရှင်းလင်းလင်း သိရမှာ ဖြစ်ပါတယ်။

အဲဒီမှာတင် ဒီလျှို့ဝှက် ကီးကို ပြောင်းလိုက်ပြီး သုံးလို့မရေအောင် လုပ်လိုက်မှာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကြားဖြတ် ၀င်ရောက် ဖမ်းယူ ကြည့်လို့မရအောင်ဖြစ်ပါတယ်။

ဒီစမ်းသပ်မှု အောင်မြင်မယ် ဆိုရင်တော့ သတင်း အချက်အလက်တွေကို လျှို့ဝှက် ကုဒ်နဲ့ အုပ်ပြီး ပေးပို့ ဆက်သွယ် ရေးလုပ်ရာမှာ အဓိကကျတဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ အဲဒါ ကတော့ လျှို့ဝှက်ကုဒ်ကို ကြားဖြတ် ဖမ်းယူ ကြည့်လို့မရအောင် လုပ်ထားမှာ ဖြစ်ပါတယ်။

လျှို့ဝှက် ကီးကို ပြောင်းလိုက်ပီးတဲ့နောက်မှာလည်း အဲဒီကီး နဲ့ ဖုံးအုပ်ထားတဲ့ သတင်း အချက်အလက် တွေကို ပုံမှန်အတိုင်း ပို့ပေးနိုင်မှာ ဖြစ်ပါတယ်။

အခုခေတ်မှာ ဒီဂျစ်တယ် သတင်းအချက် တွေကို အွန်လိုင်းကနေ ချိုးဖေါက် ခိုးယူ နေတာတွေ အများအပြားရှိနေပြီး စောင့်ကြည့်မှုတွေ လည်း လုပ်နေရတာ ဖြစ်ပါတယ်။

ဒီတော့ အခု နည်းပညာက တနေ့ကျရင် စွမ်းကားမြင့်တဲ့ ကွမ်တန် ကွန်ပျူတာ တွေလည်း တီထွင်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စီးပွားဖြစ် ဒစ်ဂျစ်တယ် ဆက်သွယ်ရေး အတွက် လုံခြုံစိတ်ချရေးက အင်မတန်မှအရေးကြီးလာနေတာ ဖြစ်ပါတယ်။

ဒီအတွက် ကွမ်တွန် ကွန်ပျူတာ နည်းပညာပိုင်းဟာ အရာရာကို ပြောင်းလဲလာနိုင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ