အီတလီငလျင် သေဆုံးသူ အနည်းဆုံး ၁၅၉ ရှိ

ဓာတ်ပုံ မူပိုင် AP
Image caption ငလျင်ဒဏ်ကြောင့် Amatrice မြို့ရဲ့ ၄ပုံ ၃ပုံလောက် ပျက်စီးသွား

ဒေသစံတော်ချိန် မနက်လင်းအားကြီး ၃နာရီခွဲလောက်မှာ Rome မြို့ အရှေ့မြောက်ပိုင်း ကီလိုမီတာ ၁၀၀ အကွာကို ဗဟိုပြု လှုပ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ၆ ဒဿမ ၂ ရှိပြီး အခုနောက်ဆုံး သိရသလောက်ဆိုရင် သေဆုံးသူ စုစုပေါင်း ၁၆၀နီးပါး ရှိသွားပြီ ဖြစ်ပါတယ်။

အဲဒီ ငလျင်အပြီး နောက်ဆက်တွဲ ငလျင်ငယ် ပေါင်း ၂၀၀ကျော် ထပ်လှုပ်ခဲ့တယ်လို့ အီတလီ ငလျင်ဌာနက ပြောပါတယ်။

ငလျင် တုန်ခါမှုကို အီတလီနိုင်ငံ မြောက်ဖက်ပိုင်း Bologna မြို့ကနေ တောင်ပိုင်း Naples အထိ ခံခဲ့ရပါတယ်။

ငလျင်ဒဏ်ကို အဆိုးဝါးဆုံး ခံခဲ့ရတဲ့ မြို့တမြို့ကတော့ Amatrice ဆိုတဲ့ သမိုင်းဝင်မြို့ ဖြစ်ပါတယ်။

အဲဒီမှာ မြို့ရဲ့ ၄ပုံ၃ပုံလောက် လုံးဝ ပျက်စီးသွားခဲ့ပြီး လူ၈၆ယောက် သေဆုံးခဲ့ပါတယ်။

အဲဒီဒေသဟာ ကျေးလက်ဒေသ ဖြစ်ပြီး တရွာနဲ့ တရွာအကြား တောင်တန်း ချိုင့်ဝှမ်းတွေ ခံနေတဲ့အတွက် ကျန်တဲ့နေရာတွေမှာ ဘယ်လို အခြေအနေ ဖြစ်နေသလဲ ဆိုတာ သိဖို့ အတော်ခက်ခဲကြောင်း အီတလီ ကြက်ခြေနီအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပြပါတယ်။

လူအတော်များများ အပျက်အစီးပုံတွေ အောက်မှာ ရောက်နေတယ်လို့ ယူဆရပြီး အသက်ရှင် ပိတ်မိနေသူတွေကို ကယ်ဆယ်ရေး ဝန်ထမ်းတွေက ဝန်ချီစက်ကြီးတွေနဲ့ရော၊ လက်ဗလာနဲ့ပါ တညလုံး ရှာဖွေနေကြပါတယ်။

အပျက်အစီးပုံတွေအောက်ကနေ အသက်ရှင်သူတချို့ကို ကယ်ထုတ်နိုင်ခဲ့ပေမယ့်လည်း သေဆုံးသူ အရေအတွက်က နောက်ထပ် တဖြည်းဖြည်း တိုးလာဖို့ ရှိနေတယ်လို့ ဘီဘီစီ သတင်းထောက် James Reynolds က သတင်းပေးပို့ထားပါတယ်။