ဥဇဘက် သမ္မတ အစ်စလာမ် ကရီမော့ဗ် ကွယ်လွန်

_presiden_islam_karimov ဓာတ်ပုံ မူပိုင် Reuters
Image caption ဥဇဘက် သမ္မတ ကရီမော့ဗ်

အသက် ၇၈ နှစ် ရှိ ဥဇဘက် ကစ္စတန် သမ္မတ အစ်စလာမ် ကရီမော့ဗ် ဟာ စက်တင်ဘာလ ၂ ရက် သောကြာနေ့ က ဦးဏှောက် သွေးယိုစီး တဲ့ ဝေဒနာ ခံစားယင်း ကွယ်လွန် သွားပါပြီ။ သူဟာ ဥဇဘက် နိုင်ငံ ကို ၂၇ နှစ် အုပ်ချုပ်ခဲ့သူပါ။ ဆိုဗီယက်ပြည်ထောင်စု လက်အောက် က ခွဲထွက်ပြီးတဲ့ နောက် မှာ နိုင်ငံ ကို တင်းကျပ်တဲ့ ပုံစံ နဲ့ အုပ်ချုပ်ခဲ့ တဲ့ အတွက် အာရှ နိုင်ငံများ ထဲ မှ အာဏာရှင် ခေါင်းဆောင် တွေ အနက် တဦး အပါအဝင် ဖြစ်ခဲ့ ပါတယ်။

အခုလည်း သူ့ အရိုက်အရာ ဆက်ခံမဲ့ သူရယ် လို့ တရားဝင် မထားခဲ့ တဲ့ အပြင် ဥဇဘက် မှာ အတိုက်အခံ နိုင်ငံရေး ပါတီ ရယ် လို့ မရှိသလို မီဒီယာ လွတ်လပ်ခွင့် လည်း မရှိခဲ့ပါဘူး။ အထူးသဖြင့် ၂၀၀၅ ခုနှစ် က နိုင်ငံ ရဲ့အရှေ့အရပ် က အင်ဒီဂျန် မြို့သူမြို့သား တွေ ကို အပြတ် နှိပ်ကွပ် ခဲ့တဲ့ အတွက် လူပေါင်း ရာ နဲ့ ချီ သေဆုံးကြ လို့ လူ့အခွင့်အရေး အဖွဲ့ တွေ က ရက်စက်မှု အပေါင်းသရဖူ ဆောင်းတဲ့ ကမ္ဘာ့နိုင်ငံ စရင်းဝင် အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒါပေမဲ့ မစ္စတာ ကရီမော့ဗ် ပြောခဲ့ဖူးတဲ့ စကားထဲမှာ နိုင်ငံ တနိုင်ငံ တိုးတက် မြင့်မားရေး အတွက် ဦးတည်ချက် ထားတဲ့ အခါ မှာ ငြိမ်းချမ်း ရေးနဲ့ တည်ငြိမ်ရေး ရှိဖို့ က အရေးကြီးဆုံး ဖြစ်တဲ့ အကြောင်း၊ ဒါကြောင့်မို့ အကြမ်းဖက် ဝါဒ၊ ဘာသာရေး အစွန်းရောက်မှု နဲ့ မူးယစ် ဆေးစွဲ တာတွေ မဖြစ်ဖို့ သတိနဲ့ အသိ ရှိနေရမယ် လို့ ၁၀နှစ် မြောက် နိုင်ငံ့လွတ်လပ်ရေးနေ့ က ပြောခဲ့ ဖူးပါတယ်။

ပဲရစ်မှာ အခြေစိုက်တဲ့ အတိုက်အခံ အင်အားစု မှ ဘလောက်ဂါ နာဒေးဂျော့ အက်တာရယ်ဗာ ကတော့ သူဟာ အကျည်းတန် တဲ့ သူ့ဘဝ သမိုင်းကြောင်း ကို ထားရစ်ခဲ့ပြီး သူ ကျူးလွန်ခဲ့ တဲ့ အမှုတွေ ကို လည်း တရားဥပဒေ အရ ရင်ဆိုင်ခြင်း မရှိခဲ့ တဲ့ အတွက် စိတ်ပျက်မိ တဲ့ အကြောင်း သူ့ အရိုက်အရာ ဆက်ခံတဲ့ သူတွေ ဟာလည်း မစ္စတာ ကရီမော့ဗ် လမ်းစဉ် အတိုင်းပဲ ဆက်သွား ကြမှာ ပဲ လို့ ပြောတာပါ။

ရုရှ သမ္မတ ပူတင် ကတော့ နိုင်ငံ ကို တည်ငြိမ် အေးချမ်းအောင် စွမ်းဆောင်ခဲ့ တဲ့ ခေါင်းဆောင်ကောင်း တဦး ဥဇဘက် မှာ ဆုံးရှုံး သွားတဲ့ အကြောင်း ဝမ်းနည်းခြင်း သဝဏ်လွှာ ပေးပို့ လိုက်ပါတယ်။ လေ့လာ အကဲခတ်တွေ ကတော့ မစ္စတာ ကရီမော့ဗ် ဟာ ရုရှ တရုတ် နဲ့ အနောက် အုပ်စု နိုင်ငံတွေ အကြား မှာ နိုင်ငံရေး ကစားကွက် လှလှပပ ခင်းပြ သွား တဲ့ အတွက် အထီးကျန်ဆံ တဲ့ နိုင်ငံ ဘဝ မရောက်တဲ့ အပြင် အမေရိကန် ရဲ့ ကူညီ ထောက်ပံ့ငွေ တွေ ရခဲ့ သလို၊ ရုရှ အပေါ် တင်ကျန်တဲ့ ကြွေးမြီ ဒေါ်လာ ၈၆၅ သန်း လည်းရုရှ ဘက်က လျှော်ပစ် ပေးလိုက် တဲ့ အကြောင်း မော်စကို မှ ဘီဘီစီ သတင်းထောက် က ပြော ပါတယ်။