ဂလက်ဆီ Note 7 ဖုန်းတွေကို ဆမ်ဆောင်း ပြန်သိမ်း

ဓာတ်ပုံ မူပိုင် AFP

အီလက်ထရောနစ် နည်းပညာ ကုမ္ပဏီကြီး ဆမ်ဆောင်းက သူတို့ရဲ့ နောက်ဆုံးထုတ် စမတ်ဖုန်း ဖြစ်တဲ့ Galaxy Note 7 တွေမှာ ဘက်ထရီ ပြဿနာ ရှိနေတယ် ဆိုပြီး ရောင်းထားပြီးသား တွေကို ပြန်သိမ်းနေပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား နိုင်ငံတို့မှာ အဲဒီ Note 7 ဖုန်း တချို့ ဘက်ထရီ အားသွင်းရာမှာ ပေါက်ကွဲ မီးလောင်တာတွေ ဖြစ်ခဲ့တဲ့ သတင်းတွေ ထွက်ပေါ် ခဲ့ပြီးနောက် အခုလို ပြန်သိမ်းဖို့ ဆုံးဖြတ်ချက် ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

အဲဒီ ဖုန်းတွေ ဝယ်ထားသူတွေ အနေနဲ့ အသစ်နဲ့ ပြန်လဲလို့ ရတယ်လို့ ဆမ်ဆောင်း ကုမ္ပဏီက ပြောပါတယ်။

ဆမ်ဆောင်းရဲ့ အဓိက ပြိုင်ဖက်ဖြစ်တဲ့ အက်ပဲလ် ကုမ္ပဏီက အိုင်ဖုန်း အသစ်ကို မိတ်ဆက်ဖို့ တစ်ပတ်သာ လိုတော့ချိန်မှာ ဆမ်ဆောင်းက သူ့နောက်ဆုံးထုတ် Note 7 ဖုန်းတွေကို အခုလို ပြန်သိမ်းဖို့ ဖြစ်လာရတာပါ။

ဆမ်ဆောင်းက အဲဒီ ဖုန်းတွေကို နိုင်ငံ ၁၀ နိုင်ငံမှာ ရောင်းချ ထားပြီးသား ဖြစ်ပြီး၊ ဖုန်း ဘက်ထရီတွေကတော့ တခြား ကုမ္ပဏီတွေက ထုတ်လုပ် ပေးပို့တာ ဖြစ်တယ်လို့ ဆမ်ဆောင်းက ပြောပါတယ်။

နိုင်ငံအနှံ့ ၃၅ ခုသာ ရှိခဲ့တဲ့ ပေါက်ကွဲမီးလောင်မှု အနည်းငယ်ကြောင့် အခုလို ရောင်းပြီးသား ဖုန်း အားလုံးကို ပြန်သိမ်းဖို့ ဆုံးဖြတ်တာဟာ အလွန် ထူးခြားတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ