ဆီးရီးယား အသွင်ကူးပြောင်းရေး အစီအစဉ် အတိုက်အခံတွေ ထုတ်ပြန်

ဓာတ်ပုံ မူပိုင် Reuters
Image caption ၅ နှစ်ကြာ ဆီးရီးယား စစ်ပွဲတွေကြောင့် အနည်းဆုံး လူ ၂ သိန်းခွဲ သေဆုံးခဲ့။

၅ နှစ် ကြာလာပြီ ဖြစ်တဲ့ ဆီးရီးယား စစ်ပွဲတွေကို အဆုံးသတ်စေဖို့ ရည်ရွယ်ထားတဲ့ အစီအစဉ်သစ် တစ်ခုကို ဆီးရီးယား အတိုက်အခံတွေကို ကိုယ်စားပြုတဲ့ ညွန့်ပေါင်းအဖွဲ့က ထုတ်ပြန် လိုက်ပါတယ်။

ဆော်ဒီ နိုင်ငံက ကျောထောက် နောက်ခံ ပြုထားတဲ့ အဲဒီ ထိပ်တန်း ညှိနှိုင်းရေး ကော်မတီ ခေါ် HNC အဖွဲ့ဟာ လန်ဒန်မြို့မှာ အစည်းအဝေး ပြုလုပ်နေတာ ဖြစ်ပြီး၊ ဆီးရီးယား ငြိမ်းချမ်းရေး ရဖို့အတွက် အဆင့် သုံးဆင့် ပါဝင်တဲ့ အာဏာလွှဲပြောင်းရေး အစီအစဉ်ကို အဆိုပြု ထုတ်ပြန် လိုက်တာပါ။

အဲဒီ အစီအစဉ်အရ သမ္မတ ဘာရှား အာဆတ် အနေနဲ့ ၆ လ အကြာမှာ ညွန့်ပေါင်း အစိုးရကို အာဏာ လွှဲပေးရမှာ ဖြစ်ပြီး၊ ညွန့်ပေါင်း အစိုးရက ၁၈ လ အတွင်းမှာ ရွေးကောက်ပွဲတွေ ကျင်းပပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတ အာဆတ်က သူ အာဏာ စွန့်မှာ မဟုတ်ကြောင်း အရင်ကတည်းက အကြိမ်ကြိမ် ပြောခဲ့ပြီး ဖြစ်ပါတယ်။

ဆော်ဒီ နိုင်ငံခြားရေး ဝန်ကြီး အက်ဒဲလ် အယ်လ် ဂျူဘာက ဘီဘီစီကို ပြောရာမှာ ဆီးရီးယား သမ္မတ မစ္စတာ အာဆတ်နဲ့ သူ့မဟာမိတ် ရုရှား၊ အီရန် တို့ အနေနဲ့ ဆီးရီးယားကို ဘယ်လောက် ငြိမ်းချမ်း စေချင်သလဲ ဆိုတာကို အခု အဆိုပြုလိုက်တဲ့ အစီအစဉ်က စမ်းသပ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

တကယ်လို့ အဲဒီလို နိုင်ငံရေးအရ အဖြေမထုတ် နိုင်ခဲ့ဘူး ဆိုရင်တော့ စစ်ရေးအရ တိုးမြှင့် ဆောင်ရွက်မယ့် အစီအစဉ်ကို သုံးရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဘီဘီစီ သတင်းထောက်ကတော့ ဆီးရီးယား သမ္မတ အာဆတ်ရဲ့ တပ်ဖွဲ့တွေ အခုတလော အောင်မြင်မှုတွေ ရလာတာကလည်း မစ္စတာ အာဆတ် ရာထူးကနေ ဆင်းပေးမယ့် အလားအလာကို ပိုနည်း လာစေတယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ ဆီးရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Faisal Mekdad ကို ဘီဘီစီက အင်တာဗျူးရာမှာ သူက သမ္မတ အာဆတ် ရာထူးကနေ ဆင်းပေးရမယ့် အစီအစဉ်ကို ပယ်ချ ပြောဆို ပါတယ်။ နိုင်ငံရဲ့ ရွေးကောက်ခံ ခေါင်းဆောင် တစ်ယောက်ကို ဖယ်ထုတ်ဖို့ တောင်းဆိုတာဟာ မယုံနိုင်လောက်တဲ့ ရူးမိုက်မှုပဲလို့ သူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ