ထရမ့် သမ္မတ မဖြစ်ထိုက်ဘူးလို့ အိုဘားမား ပြော

ဓာတ်ပုံ မူပိုင် EPA
Image caption ထရမ့်မှာ သမ္မတ ဖြစ်ထိုက်တဲ့ အရည်အချင်း မရှိဘူးလို့ အိုဘားမား ပြော။

အမေရိကန် သမ္မတ အိုဘားမားထက် ရုရှား သမ္မတ ပူတင်က ပိုတော်တဲ့ ခေါင်းဆောင် ဖြစ်တယ်လို့ ပြောခဲ့တဲ့ ဒေါ်နယ် ထရမ့်ကို ပေါတောတောနဲ့ ဘာမှမသိဘဲ ထင်ရာပြောတဲ့ လူလို့ သမ္မတ အိုဘားမားက ဝေဖန် ပြောဆို လိုက်ပါတယ်။

ရီပက်ဘလီကန် ပါတီ ကိုယ်စားပြု သမ္မတလောင်း ဖြစ်လာတဲ့ ဒေါ်နယ် ထရမ့်ဟာ သမ္မတ ရာထူးနဲ့ မထိုက်တန်ဘူး ဆိုတာကို သူပြောတဲ့ စကားတွေက ဇာတိပြ လာတယ်လို့ လာအို နိုင်ငံမှာ အာဆီယံ အစည်းအဝေး တက်အပြီး မစ္စတာ အိုဘားမားက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က လုပ်ခဲ့တဲ့ ရုပ်သံ စကားဝိုင်း တစ်ခုမှာ မစ္စတာ ထရမ့်က ရုရှား သမ္မတ ပူတင်ဟာ ခေါင်းဆောင် နေရာမှာ အိုဘားမားထက် အများကြီး သာလွန်တယ်လို့ ပြောဆို ခဲ့တာပါ။

မစ္စတာ ထရမ့်နဲ့ ပြိုင်ဖက် ဟီလာရီ ကလင်တန်နဲ့ အတူ စစ်ပြန်တွေရဲ့ မေးခွန်းတွေကို ဖြေစဉ် အဲဒီလို ပြောခဲ့တာ ဖြစ်ပါတယ်။

''ဒီလူ သမ္မတ ဖြစ်ဖို့ အရည်အချင်း မမီဘူးလို့ ကျွန်တော် မြင်တယ်၊ သူ ပြောတဲ့ စကားတိုင်းက ကျွန်တော့် အမြင်ကို ပိုခိုင်မာ လာစေတယ်'' လို့ အိုဘားမားက ပြောပါတယ်။

မစ္စတာ အိုဘားမားက အာဆီယံ အစည်းအဝေးနဲ့ ဂျီတွမ်တိ အစည်းအဝေးတွေမှာ လတ်တလော ကြုံခဲ့ရတဲ့ သူ့ရဲ့ သံတမန်ရေးရာ ဆောင်ရွက်ချက်တွေကို ထောက်ပြ ပြောဆိုသွားပြီး ထရမ့်က ဘာမှ မသိဘဲ ထင်ရာ ပြောတာပဲလို့ ချေပ ပြောဆိုသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ