IS က စေလွှတ်ထားတဲ့ ၃ ဦးကို ဂျာမနီ ဖမ်းဆီး

ဓာတ်ပုံ မူပိုင် Reuters
Image caption ဂျာမနီ တောင်ပိုင်းက ၁၀ ဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားအပြီး ၂ လ နီးပါး အကြာမှာ အခု ဖမ်းဆီးမှု ပေါ်ပေါက်လာ။

ဂျာမနီ နိုင်ငံမှာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့က လွှတ်လိုက်တယ် ဆိုတဲ့ သံသယနဲ့ ဆီးရီးယား နိုင်ငံသား ၃ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။

ဂျာမနီ မြောက်ပိုင်းက နေရာ ၆ နေရာကို မနက် လင်းအားကြီးအချိန် ရဲတပ်ဖွဲ့ဝင် အယောက် ၂၀၀ နဲ့ စီးနင်း ရှာဖွေမှုတွေ လုပ်ခဲ့ပြီးနောက် အသက် ၁၇ နှစ် နဲ့ ၂၆ နှစ်ကြား လူ ၃ ဦးကို ဖမ်းဆီး ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက ပဲရစ်မြို့ ဘောလုံးကွင်း အပြင်ဘက်မှာ အသေခံ ဗုံးခွဲခဲ့သူတွေကို ကူညီပေးခဲ့တဲ့ အဖွဲ့အစည်းကပဲ အခု ဖမ်းမိတဲ့ လူတွေကို ခိုးသွင်းခဲ့တာလို့ ဂျာမနီ ပြည်ထဲရေး ဝန်ကြီး Thomas de Maiziere က ပြောပါတယ်။

ဒီလူတွေဟာ နောင်တချိန်မှာ တိုက်ခိုက်ဖို့ အတွက် ခိုအောင်းနေတဲ့ ကလပ်စည်း ဖြစ်တယ်လို့ ဂျာမန် ပြည်ထဲရေး ဝန်ကြီးက ဆိုပါတယ်။

ဂျာမနီ နိုင်ငံထဲကို ခိုလှုံခွင့် လျှောက်ပြီး ရောက်လာတဲ့ လူတွေ သန်းနဲ့ချီ ရှိပြီး၊ အဲဒီထဲက လူနှစ်ယောက်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲက ဂျာမနီ တောင်ပိုင်းမှာ သီးခြားစီ တိုက်ခိုက် ခဲ့ကြလို့ လူ ၁၀ ဦး သေဆုံး ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ